ရွှေကုက္ကိုမြို့ကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်
ထီးကော်ထောကျေးရွာက BGF နဲ့ စစ်ကောင်စီ ပူးတွဲစခန်းနှစ်ခုကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ရွှေကုက္ကိုမြို့သစ်က လောင်းကစားရုံတွေ၊ လူနေအိမ်တွေ ရှိတဲ့နေရာတွေမှာပါ နှစ်ဖက်တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပါတယ်။
- 2023-04-05
-
-
-
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်အနီး၊ ထီးကော်ထောကျေးရွာက ကရင်နယ်ခြားစောင့်တပ် (BGF) ကင်းစခန်းနှစ်ခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက ဒီနေ့မနက်ပိုင်းမှာ စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။
ရွှေကုက္ကိုမြို့ အနောက်မြောက်ဖက် ထီးကော်ထောကျေးရွာက BGF နဲ့ စစ်ကောင်စီတပ်တွေ ပူးတွဲတပ်စွဲထားတဲ့ ကတုတ်စခန်းနှစ်ခုကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ဒီကနေ့မနက်အစောပိုင်း ၅ နာရီခွဲလောက်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ အဲဒီနောက် ရွှေကုက္ကိုမြို့သစ် စီမံကိန်းဒေသက လောင်းကစားရုံတွေ၊ လူနေအိမ်တွေ ရှိတဲ့နေရာတွေမှာပါ နှစ်ဖက်တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပါတယ်။
တိုက်ပွဲပြင်းထန်တဲ့အတွက် စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ကူပေးတိုက်ခိုက်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေကုက္ကိုဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စခန်းတစ်ခုကို မီးရှို့ဖျက်ဆီးလိုက်တယ်။ ထီးကော်ထော BGF စခန်းက အကုန်ထွက်ပြေးတယ်။ ရွှေကုက္ကိုမြို့အဝင်မုခ်ဦး အဝိုင်းနားက ရပ်ကွက်၊ တရုတ်တွေနေတဲ့ တန်းလျားတွေဘက်၊ နှစ်သစ်ကူးကွင်းဘက်တွေက စစ်တပ်နဲ့ BGF တပ်တွေနဲ့ ပစ်နေတာမှာ ၁၂ နာရီလောက်မှာ ရဟတ်ယာဉ်နှစ်စီး လာပတ်ပစ်တယ်။ နှစ်ဖက်စလုံး အကျအဆုံးရှိတယ်။ ရွာသားတွေ ရပ်ကွက်သားတွေ လူတစ်ထောင်လောက်ကတော့ ထိုင်းဘက် သဲပုံဂိတ်၊ ဟွေးကလုပ်၊ ဝမ်ဖာရွာတွေဘက် ပြေးရှောင်ကြတယ်။ လက်နက်ကြီးတွေက ရွှေကုက္ကိုရပ်ကွက်နဲ့ နှစ်သစ်ကူးကွင်းဘက်တွေ ကျပေါက်နေတာမို့ ရွာသားတွေကတော့ သောင်ရင်းမြစ်ကိုကူးပြီး အကုန်ရှောင်နေရပြီ”
တိုက်ပွဲတွေအတွင်း BGF နယ်ခြားစောင့်တပ်က အရာရှိအပါအဝင် ထိခိုက်သေဆုံးမှုတွေရှိပြီး KNLA ပူးပေါင်းတပ်တွေ ဘက်က နှစ်ဦးကျဆုံး၊ ခြောက်ဦး ဒဏ်ရာရထားတယ်လို့ အမည်မဖော်လိုတဲ့ KNLA ဆေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
မြဝတီမြို့နယ်အတွင်းက မြေနီကုန်းရပ်ကွက်၊ မဲကနယ် ရွှေမြစန္ဒီရပ်ကွက်၊ ကုန်သွယ်ရေးဇုန်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း တောနော်ရေတံခွန် လမ်းကွေ့ နေရာတွေမှာတိုက်ပွဲတွေ ဆက်ဖြစ်နေသေးတယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူ အမည်မဖော်လိုတဲ့ စစ်ရေးနယ်မြေ သတင်းရင်းမြစ်က ပြောပါတယ်။
ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) အကြီးအကဲ ဗိုလ်မှူးကြီးစောချစ်သူကို RFA က ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
ဧပြီလ ၅ ရက် ညနေပိုင်းအထိ ပစ်ခတ်သံတွေ ကြားနေရပြီး ရွှေကုက္ကိုမြို့တွင်းက တရုတ်ကာစီနိုလောင်းကစားရုံတွေမှာရှိတဲ့ တရုတ်နိုင်ငံသား တချို့အပါအဝင် နိုင်ငံခြားသားတွေ ထိုင်းနိုင်ငံဘက်ကို ရှောင်တိမ်းဖို့ ကြိုးစားရာမှာ ထိုင်း နယ်ခြားစောင့်တပ်က ထိုင်းနိုင်ငံထဲကို ဝင်ခွင့်မပြုသေးတဲ့အတွက် ထိုင်းဘက်ခြမ်း သောင်ရင်းမြစ်နံဘေးမှာ ယာယီခိုလှုံနေတာ တွေ့ရတယ်လို့ ရွှေကုက္ကိုဒေသခံတွေက ပြောပါတယ်။