ရွှေဘိုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ခုနစ်ဦးဒဏ်ရာရ

ရွှေဘိုမြို့နယ်ထဲက ထုံးဘိုရွာနဲ့ ရွှေကျင်ရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေး-မြစ်ကြီးနားလမ်း ရွှေဘိုမြို့အဝင်မုခ်အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဥ်။ Citizen Journalist

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက ထုံးဘိုရွာနဲ့ ရွှေကျင်ရွာတွေကို ဧပြီလ ၆ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုမြို့အရှေ့ခြမ်း တောင်လှခွေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က မနေ့ည ၁၁ နာရီကျော်မှာ ပေါက်ကွဲအားပြင်းထန်တဲ့ ဗုံး ၁၅ လုံးထက်မနည်း ကြဲချခဲ့တာလို့ ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ်နှစ်ဦး၊ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၂၀ ကျော်အရွယ် အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တာလို့ ရွာခံတွေက ပြောပါတယ်။

အဲဒီအထဲက ကလေးတစ်ဦးနဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးကတော့ ဒဏ်ရာပြင်းထန်တာကြောင့် မန္တလေးဆေးရုံကြီးကို ပို့ဆောင်ထားရတယ်လို့ ရွှေဘိုဒေသခံ ကိုဥဩက RFA ကို ပြောပါတယ်။

“သူတို့နှစ်ဦးက တော်တော်ဆိုးတယ်။ ကလေးဆို သွေးတွေ တောက်လျှောက်ပြန်အန်နေတယ်။ အဒေါ်ကြီးကတော့ ဗိုက်က ပေါက်သွားတယ်။ တော်တော်စိုးရိမ်ရတဲ့ အခြေအနေပါ။ ကျွန်တော်တို့ ဒီမနက်ပဲ မန္တလေးဆေးရုံကို ပို့ပေးလိုက်ပြီ”

လတ်တလောအခြေအနေအရ ဒဏ်ရာရသူတွေရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ဧပြီလ ၆ ရက်နေ့မှာပဲ ရွှေဘိုမြို့နယ် ရှားတောရွာကို အင်အား သုံးဆယ်ကျော်ပါစစ်ကြောင်း ဝင်ရောက်မီးရှို့တာကြောင့် ဒေသခံငါးရာကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ် နှစ်ဆယ်ကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org