ရွှေဘိုမှာ ကိုယ်ဝန်သည်နဲ့ ကလေးအပါအဝင် ဒေသခံ ခြောက်ဦး သတ်ဖြတ်ခံရ

ရွှေဘိုမြို့ ကန်သာကုန်းရွာအနီးက ငါးကန်မှာ အစောင့်အဖြစ်နေထိုင်နေတဲ့ ကိုယ်ဝန်သည်နဲ့ သုံးနှစ်အရွယ် ကလေး အပါအဝင် အရပ်သား ခြောက်ဦး ဖေဖော်ဝါရီ ၁၅ ရက်က သတ်ဖြတ်ခံလိုက်ရပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။ ShweBo People Defence Force

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကန်သာကုန်းရွာအနီးက ငါးကန်မှာ အစောင့်အဖြစ်နေထိုင်နေတဲ့ ကိုယ်ဝန်သည်တစ်ဦးနဲ့ အသက်သုံးနှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သား ခြောက်ဦး ဖေဖော်ဝါရီလ ၁၅ ရက်နေ့က သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။ 

သတ်ဖြတ်ခံရသူတွေဟာ မြင်းစီးရွာက ဒေသခံတွေဖြစ်ပြီး မြင်းစီးရွာ ပျူစောထီးအဖွဲ့က သတ်ဖြတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေဘိုမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက RFA ကို ပြောပါတယ်။

“မြင်းစီးရွာသားတွေ အသတ်ခံရတာ။ အဲဒီရွာက ပျူတွေကပဲ သတ်သွားတာ။ ဘယ်လိုကြောင့် သတ်သွားလဲဆိုတဲ့ အကြောင်းအရင်းတော့ မသိရဘူး။ မြင်းစီးရွာမှာလည်း ပျူစောထီးတွေနဲ့ သူတို့ကိုထောက်ခံသူတွေပဲရှိတော့တာပါ။ တော်လှန်ရေးဘက်ပါသူတွေက ဟိုးအရင်ကတည်းက အဲဒီရွာမှာ မနေကြတော့တာ”

သေဆုံးသူတွေဟာ အသက် ၇၀ အရွယ် ဒေါ်ဆင်နန်း၊ အသက် ၅၅ နှစ်အရွယ် ဦးလင်းနဲ့ ဒေါ်မြင့်သန်း၊ အသက် ၄၂ နှစ်အရွယ် ဒေါ်ဆန်းမင်းနဲ့ အသက် ၂၄ နှစ်အရွယ် ကိုယ်ဝန်သည် မချစ်စုအောင် နဲ့  သူ့ရဲ့သားဖြစ်သူ အသက် သုံးနှစ်အရွယ် မောင်ဇေထူးအောင် တို့ ဖြစ်ပါတယ်။

မြင်းစီးရွာဟာ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကတည်းက စစ်တပ်ထောက်ခံသူတွေနဲ့ ဖွဲ့စည်းထားတဲ့ ပျူစောထီးအားကောင်းတဲ့ ရွာတစ်ရွာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီ့အပြင် မြင်းစီးရွာဟာ ပျူစောထီးရွာဖြစ်တာကြောင့်  ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေ မကြာခဏ တိုက်ခိုက်ခံနေရတဲ့ ရွာလည်းဖြစ်ပါတယ်၊။ 

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် ကတော့ သူမသိရတဲ့အကြောင်း RFA  ကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာမှာ အရပ်သား ရှစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့  ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်တွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ အရပ်သား ၄၅၆၆ ဦး သေဆုံးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org