ရွှေဘိုမှာ နေအိမ် ၈၀ နီးပါးမီးရှို့ခံရပြီး ဒေသခံ တစ်သောင်းဝန်းကျင် ထွက်ပြေး

ရွှေဘိုမြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်နေတာကြောင့် နေအိမ် ၈၀ နီးပါး မီးလောင်ခဲ့ပြီး အရပ်သား တစ်သောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။ ShweBo People Defence Force

အင်အား ၂၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ဖေဖော်ဝါရီ ၁၁ ရက်ကစလို့ နယ်မြေရှင်းလင်းရေးလုပ်နေတာကြောင့် နေအိမ် ၈၀ နီးပါး မီးလောင်ခဲ့ပြီး အရပ်သား တစ်သောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ရွှေဘိုမြို့နယ် ညောင်ကန်ရွာကို စစ်ကြောင်းထိုးခဲ့ပြီး နေအိမ် ၈၀ ဝန်းကျင် မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ခန့်မှန်းခြေပေါ့ အိမ်ခြေ ၈၀ လောက် မီးရှို့ခံလိုက်ရတယ်။ ဒီနေ့မနက်မှာ ကျားရွာကို တစ်ခါ စစ်ကြောင်းထိုးတာဗျ။ ကျားရွာရဲ့ အနောက်ဘက်မှာ ညောင်ပင်သာရွာရှိတယ်ဗျ။ သူတို့ဘက်ကို ကူးလာမှာစိုးလို့ သူတို့လည်း စစ်ဘေးရှောင်နေရတယ်”

စစ်ကြောင်းထိုးခံရတဲ့ ညောင်ကန်ရွာမှာ နေအိမ် ၃၀၀ ဝန်းကျင်ရှိပြီး ဒေသခံ တစ်ထောင် ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်မနက်ပိုင်းမှာတော့ ညောင်ကန်ရွာအနီးက အိမ်ခြေ ၁၇၀၀ နီးပါးရှိတဲ့ ကျားရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်နေပြီး အဲဒီက ဒေသခံ ၅၀၀၀ နီးပါးလည်း ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။

ဒီအပြင် ကျားရွာအနောက်ဘက် ညောင်ပင်သာကျေးရွာက ဒေသခံ လေးထောင်နီးပါးလည်း ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးဒုက္ခသည် ခြောက်သိန်းခွဲနီးပါး ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org