ရွှေဘိုမြို့မှာ ဒေသခံ လူငယ်သုံးဦး ဖမ်းဆီးခံရ
ရွှေဘိုမြို့နယ် အမှတ် (၁၀) ရပ်ကွက်မှာ ဇွန် ၁၄ ရက်နေ့ညပိုင်းက လူငယ်အမျိုးသား သုံးဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-06-15 -
-
-
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အမှတ် (၁၀) ရပ်ကွက်မှာ ဇွန်လ ၁၄ ရက်နေ့ညပိုင်းက လူငယ်အမျိုးသား သုံးဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ အုပ်ချုပ်ရေးမှူးတွေဟာ အမှတ် (၁၀) ရပ်ကွက်အတွင်း လူဦးရေစာရင်း ကောက်ယူပြီး လူငယ်တွေကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရသူတွေရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ လတ်တလောမသိရသေးဘူးလို့ ရွှေဘိုမြို့ခံ ကိုဥဩက RFA ကို ပြောပါတယ်။
"ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ် အင်အား နှစ်ဆယ်လောက်ပါတယ်။ အမှတ် (၁၀) ရပ်ကွက်က ဦးအောင်ဇေယျရုပ်တုရှိတဲ့နေရာမှာ လူငယ်တွေကို ဖမ်းသွားတာ။ သူတို့က ဆီပေးမယ်၊ ဆန်ပေးမယ်ဆိုပြီး လူဦးရေစာရင်း လိုက်ကောက်နေတော့ လူငယ်တွေက ကြောက်ပြီးထွက်ပြေးကြတာ။ အဲဒါကို ဖမ်းလိုက်တာပေါ့ "
အဲဒီလူငယ်တွေကို ရွှေဘိုအခြေစိုက် ခလရ (၄၂) တပ်ရင်းထဲ ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ဒီအပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရဖို့ ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။
ဒီနေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်သားတွေဟာ ရွှေဘိုမြို့ပေါ်က လူစည်ကားတဲ့ ဈေးနဲ့ လမ်းမတွေမှာ ပြည်သူတွေကို စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၁၄ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သား ၂၆,၈၆၅ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။