ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဌ သူရဦးရွှေမန်းကို ရာထူးဖယ်ရှား၊ ဦးဌေးဦးကို တင်မြှောက်
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီပူးတွဲ ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သူ သူရဦးရွှေမန်းကို ဖယ်ရှား လိုက်ပြီး ဒုတိယဥက္ကဌတစ်ဦးဖြစ်တဲ့ ဦးဌေးဦးကို ပူးတွဲဥက္ကဌအဖြစ် တာဝန်ပေးလိုက်သလို ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တွေကိုလည်း အစား ထိုးပြောင်းလဲလိုက်ကြောင်း ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
-
2015-08-13 -
-
-
Your browser doesn’t support HTML5 audio
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီပူးတွဲ ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သူ သူရဦးရွှေမန်းကို ဖယ်ရှားလိုက်ပြီး ဒုတိယဥက္ကဌတစ်ဦးဖြစ်တဲ့ ဦးဌေးဦးကို ပူးတွဲဥက္ကဌအဖြစ် တာဝန်ပေးလိုက်သလို ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်တွေ ကိုလည်း အစားထိုးပြောင်းလဲလိုက်ကြောင်း ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ နေပြည်တော် က ပြည်ခိုင်ဖြိုးပါတီရုံးချုပ်မှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ အရင်က ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဦးပိုက်ထွေး က ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဌဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဖြစ်ကြောင်း အခုလို ပြောကြားခဲ့ပါတယ်။
"ကျနော်တို့ ပါတီဥက္ကဌကတော့ ဦးသိန်းစိန်ပဲဖြစ်ပါတယ်၊ ဦးသိန်းစိန်က နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင် ရတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီဥက္ကဌတာဝန် မထမ်းဆောင်နိုင်လို့သာ ကျနော်တို့က ဒုဥက္ကဌ ကို ခေတ္တဥက္ကဌ ပူးတွဲတာဝန် လွှဲပြောင်းပေးခြင်းပဲဖြစ်ပါတယ်၊ ကျနော်တု့ိပါတီဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းကနေ ပါတီအဖြစ် စတင်ပြောင်းလဲစဉ်ကတည်းက ကျနော်တို့ပါတီ ဥက္ကဌဟာ ဦးသိန်းစိန် ပဲဖြစ်ပါတယ်၊ လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ ကျနော်တို့ပါတီ မှတ်ပုံတင်ထားတဲ့စာရင်း မှာလည်းပဲ ပါတီဥက္ကဌ ဦးသိန်းစိန်ပဲဖြစ်ကြောင်း ကျနော်ဦးစွာရှင်းလင်းတင်ပြလိုပါတယ်"
ဖယ်ရှားခံလိုက်ရတဲ့ သူရဦးရွှေမန်းဟာ အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၅၃ ဦးစာရင်းထဲမှာတောင် မပါဝင်တော့ပါဘူး။ အသစ်ဖွဲ့စည်းလိုက်တဲ့ ဗဟိုအလုပ်အမှုဆောင်တွေထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက တပ်မတော်ကနေ အငြိမ်းစားယူပြီး ပါတီကနေ ရွေးကောက်ပွဲဝင်မယ့် ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် စတဲ့ပုဂ္ဂိုလ်တွေလည်း ပါဝင်ပါတယ်။
ပြည်ခိုင်ဖြိုးပါတီရဲ့ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ သူရဦးရွှေမန်းဟာ ပြည်သူ့လွှတ်တော်ဥက္ကဌနဲ့ ပြည်ထောင်စု လွှတ်တော် နာယကတာဝန်တွေကို ထမ်းဆောင်နေရသူဖြစ်ကြောင်း၊ ပါတီလုပ်ငန်းတွေကို ဖိဖိစီးစီးဆောင်ရွက်ဖို့ လိုအပ်လာတဲ့အတွက် ဦးဌေးဦးကို တာဝန်ပေးလိုက်တာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မနေ့ညက ပါတီရုံးချုပ်ကို ရဲတပ်ဖွဲ့နဲ့ တပ်မတော်က ဝိုင်းတယ်ဆိုတာ မဟုတ်မှန်ကြောင်းနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေးတာဝန်ယူထားသူတွေသာ ရုံးချုပ်ထဲမှာရှိကြောင်းလည်း ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
တဆက်တည်း RFA သတင်းထောက် ကိုဝင်းကိုကိုလတ်ရဲ့ သတင်းပေးပို့ချက်ကိုလည်း နားဆင်နိုင်ပါတယ်။