ကြိုတင်မဲပေးသူများပြားလို့ စင်္ကာပူ မြန်မာသံရုံး မဲပေးချိန်နဲ့ မဲရုံတွေ တိုးမြှင့်ခဲ့ရ

စင်္ကာပူနိုင်ငံက မြန်မာသံရုံးမှာ မနေ့က ကြိုတင်မဲ လာရောက်ပေးသူတွေ များပြား တဲ့အတွက် မဲပေးချိန် တိုးမြှင့်ခဲ့ရပြီး၊ မဲရုံတွေလည်း ထပ်တိုးခဲ့ ရပါတယ်။

စင်္ကာပူနိုင်ငံ မြန်မာသံရုံးမှာ ကြိုတင်မဲပေးဖို့ စောင့်ဆိုင်းနေကြသူတွေကို အောက်တိုဘာ ၁၅ ရက်နေ့က တွေ့ရစဉ် Photo: Shwe Naing Facebook

စင်္ကာပူနိုင်ငံက မြန်မာသံရုံးမှာ မနေ့က ကြိုတင်မဲ လာရောက်ပေးသူတွေ များပြား တဲ့အတွက် မဲပေးချိန် တိုးမြှင့်ခဲ့ရပြီး၊ မဲရုံတွေလည်း ထပ်တိုးခဲ့ရပါတယ်။

တရားဝင် မဲရုံပိတ်ချိန် ညနေလေးနာရီခွဲဖြစ်ပေမဲ့၊ နောက်ဆုံးမဲပေးသူ ထွက်ခွာသွား တဲ့အချိန်ဟာ ညနေ ၆ နာရီ ၄၇ မိနစ် ဖြစ်လို့ နှစ်နာရီကျော်ကြာ အချိန် တိုးမြှင့်ခဲ့ရတာဖြစ်ကြောင်း စင်္ကာပူအခြေစိုက် Chnnnel News Asia သတင်း ကဖေါ်ပြပါတယ်။ ဒါ့ပြင် မူလ မဲရုံ (၇) ရုံ အပြင် နောက်ထပ် (၃) ရုံ ထပ်တိုးပေးခဲ့ရတယ်လို့ သိရပါတယ်။

မနေ့က စင်္ကာပူ မြန်မာသံရုံးမဖွင့်ခင်ကတည်းက မဲပေးဖို့စောင့်ဆိုင်းနေခဲ့ကြပြီး၊ အသက်အရွယ် ကြီးသူတွေနဲ့ မသန်စွမ်းသူတွေအတွက် အကူအညီပေး မယ့်သူတွေကိုလည်း စီစဉ်ပေးထားတယ်လို့ စင်ကာပူနိုင်ငံ မှာ ရောက်ရှိနေတဲ့ ဦးသီဟဝင်းတင်က ပြောပါတယ်။

"သံရုံးဖွင့်တာကတော့ ၉ နာရီခွဲစပြီး တံခါးဖွင့်ပြီးတော့ စဝင်ရပါတယ်ခင်ဗျာ၊ ကျနော်တို့ လင်မယားနှစ်ယောက် မနက် ၄ နာရီခွဲလောက်ထပြီးတော့ ၅ နာရီခွဲလောက် အရောက်သွားလိုက်ပါတယ်ခင်ဗျာ၊ ဒီနေ့ သံရုံးစီစဉ်မှု ကတော့ အသက်ကြီးတဲ့လူတွေ၊ မသန်စွမ်းတဲ့လူတွေရယ်ကို တန်းစီစရာ မလိုဘဲ ကျနော်တို့ရှေ့မှာ ဦးစားပေးထားပါတယ်၊ နောက်ပြီးတော့ အသက်ကြီးတဲ့လူတွေကို ကူညီဖို့အတွက်လည်း တစ်ယောက်ကို ခွင့်ပြုပါတယ်"

စင်ကာပူနိုင်ငံမှာ ကြိုတင်မဲပေးခွင့်ရှိသူ ၂ သောင်းကျော်ရှိပြီး၊ မနေ့က မဲလာပေးသူ ၂ ထောင် နီးပါး ရှိတယ်လို့ သိရပါတယ်။ မဲရုံစောင့်ကြည့်သူတစ်ဦး အဆိုအရ မနေ့က မဲပေးခဲ့သူဦးရေ ၁၈၇၇ ယောက် ရှိတယ်လို့ Chnnnel News Asia သတင်း ကဖေါ်ပြပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာတော့ မဲပေးဖို့ လျှောက်ထားသူ ၆ ထောင်ကျော်ရှိပေမယ့် ၃ ထောင်လောက်ပဲ မဲပေးခွင့် ရကြတယ်လို့ သိရပါတယ်။

စင်္ကာပူနဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ မနေ့ကစပြီး လာမယ့် အောက်တိုဘာလ ၁၈ရက်နေ့အထိ ၄ရက်ကြာ ကြိုတင်မဲပေးခွင့်ရမှာဖြစ်ပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ ကြိုတင်မဲလက်မှတ်တွေကို ဆိုင်ရာသံရုံးတွေက ဒီလကုန်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့ရ မှာဖြစ်ပါတယ်။

ကြိုတင်မဲပေးသူတွေရဲ့ အတွေ့အကြုံတွေနဲ့ အခက်အခဲတွေကို RFA သတင်းထောက် မမိုးကလျာဦး စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org