AA စစ်ဦးစီးချုပ်ရဲ့ညီအပါအဝင် ရခိုင်ခြောက်ဦး စင်္ကာပူမှာဖမ်းဆီးခံရ

AA စစ်ဦးစီးချုပ်ရဲ့ ညီအရင်းဖြစ်သူအပါအဝင် ရခိုင်တိုင်းရင်းသား ခြောက်ဦးကို မြန်မာနိုင်ငံအစိုးရရဲ့ တောင်းဆိုချက်အရ စင်္ကာပူ CID၊ လဝကနဲ့ ရဲတပ်ဖွဲ့က စင်္ကာပူနိုင်ငံမှာ ဖမ်းဆီးလိုက်တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA ကိုအတည်ပြုပြောပါတယ်။

ရခိုင်အသင်း(စင်္ကာပူ) အမှတ်တံဆိပ်ကို တွေ့ရစဉ် ဓါတ်ပုံ - ရခိုင်အသင်း(စင်္ကာပူ)

AA စစ်ဦးစီးချုပ်ရဲ့ ညီအရင်းဖြစ်သူအပါအဝင် ရခိုင်တိုင်းရင်းသား ခြောက်ဦးကို မြန်မာနိုင်ငံအစိုးရရဲ့ တောင်းဆိုချက်အရ စင်္ကာပူ CID၊ လဝကနဲ့ ရဲတပ်ဖွဲ့က မနေ့ကနဲ့ ဒီနေ့ မနက်ပိုင်းက စင်္ကာပူနိုင်ငံမှာ ဖမ်းဆီးလိုက်တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA ကိုအတည်ပြုပြောပါတယ်။

စင်္ကာပူရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးချိန်မှာ မြန်မာနိုင်ငံအစိုးရက ဖမ်းဆီးခိုင်းတဲ့အတွက် ဖမ်းဆီးတာ ဖြစ်ကြောင်း ပြောဆိုခဲ့တာတွေရှိတယ်လို့ ရခိုင်အခြေစိုက် DMG သတင်းမှာ ဖော်ပြထားပါတယ်။

ရခိုင်အသင်း(စင်္ကာပူ)အဖွဲ့ဝင် ခြောက်ဦးဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး စင်္ကာပူနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာသံရုံးကို RFA ကဆက်သွယ်ချိန်မှာ စာပေးပို့မှသာ ဖြေကြားပေးမှာ ဖြစ်ကြောင်း ပြောပါတယ်။ စင်္ကာပူနိုင်ငံမှာနေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေကို ဆက်သွယ်ချိန်မှာ ဖြေဆိုဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူကို RFA ကဆက်သွယ်ချိန်မှာလည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပါဘူး။

တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ဆက်သွယ်ချိန်မှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့အနေနဲ့ အခုလို ဖမ်းဆီးဖို့ စင်္ကာပူနိုင်ငံအစိုးရကို အကူအညီတောင်းထားတာမျိုး မရှိကြောင်း RFA ကို ဖြေကြား ထားပါတယ်။

လက်ရှိအချိန်မှာ စင်္ကာပူနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ရခိုင်အသင်း အဖွဲ့ဝင် ခြောက်ဦးကို ဘာ့ကြောင့် ဖမ်းဆီးလိုက်တယ်ဆိုတာကို RFA အနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

(RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org