စဥ့်ကူးမြို့ရှစ်ဆယ်ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီလို့ ကာကွယ်ရေးတပ်တွေပြော

စဥ့်ကူးမြို့နယ်ရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကို MDY PDF နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်ပြီလို့ စဉ့်ကူးမြို့နယ် ပ.က.ဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မန္တလေးတိုင်း စဥ့်ကူးမြို့နယ်အတွင်းက ရွှေပြည်ရဲစခန်းရှေ့တွင် နေရာယူထားကြသည့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (MDY-PDF) တပ်ဖွဲ့ဝင်တချို့အား ၂ဝ၂၄ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့က တွေ့ရစဉ်။ MDY-PDF

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY PDF) နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်ပြီလို့ စဥ့်ကူးမြို့နယ် ပ.က.ဖ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ နေ့ရော ညပါ တိုက်ခိုက်နေပြီး မြို့ရဲ့ သုံးပုံတစ်ပုံ မီးလောင်ပျက်စီးနေပြီလို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇူလိုင်လ ၁၇ ရက် ညနေ ၅ နာရီကျော်မှာ စဥ့်ကူးမြို့ ပြည်စိုးအောင်ရပ်ကွက် တစ်ခုလုံးနီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ စဥ့်ကူးမြို့နယ် ပ.က.ဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသံမဏိက ပြောပါတယ်။

"မနေ့က ညနေ ၅နာရီ ၅၀မိနစ်မှာ ပြည်စိုးအောင်ရပ်ကွက်ကို လာပစ်သွားတယ်။ အကုန်မီးလောင် ပျက်စီးကုန်တယ်ပေါ့။ မြို့ရဲ့ ၈၀ ရာခိုင်နှုန်းကို ကျွန်တော်တို့ ထိန်းချုပ်ထားနိုင်ပြီ၊ စစ်ကောင်စီ ဘက်ကလည်း မြို့ကိုပြန်ရဖို့ အသည်းအသန် ကြိုးစားနေတယ်"

စဥ့်ကူးမြို့မရဲစခန်းကိုလည်း PDF တွေက ထိန်းချုပ်ထားတယ်လို့ သူက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကိုRFAက ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ မဖြေဆိုပါဘူး။

အရပ်သား ထိခိုက်သေဆုံးတာတွေ ရှိနေပေမဲ့ အသေးစိတ်အခြေအနေကို သိရဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ ငါးသောင်းနီးပါးလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org