စဥ့်ကူးမြို့နယ် ထုံးကြီးတိုက်နယ်ရဲစခန်းက စစ်သုံ့ပန်း ငါးဆယ်နီးပါးကို PDF တွေ ဖမ်းဆီး

စဥ့်ကူးမြို့နယ် ထုံးကြီးတိုက်နယ်ရဲစခန်းကို MDYPDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ပြီး စစ်သုံ့ပန်း ငါးဆယ်နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ စဉ့်ကူးမြို့နယ် ပ.က.ဖအဖွဲ့က ပြောပါတယ်။

မန္တလေးတိုင်း စဥ့်ကူးမြို့နယ် လက်ပန်လှနယ်မြေရဲစခန်းရှေ့တွင် နေရာယူထားကြသည့် ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး (MDY-PDF) တပ်ဖွဲ့ဝင်တချို့အား ၂ဝ၂၄ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့က တွေ့ရစဉ်။ MDY-PDF

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် ထုံးကြီးတိုက်နယ်ရဲစခန်းကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MDYPDF) ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ပြီး စစ်သုံ့ပန်း ငါးဆယ်နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ စဉ့်ကူးမြို့နယ် ပ.က.ဖအဖွဲ့က ပြောပါတယ်။

ဇူလိုင်လ ၁၈ ရက် ည ၈ နာရီကျော်မှာ PDF ပူးပေါင်းအဖွဲ့တွေက ထုံးကြီးတိုက်နယ်ရဲစခန်းကို ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်လို့ စဥ့်ကူးမြို့နယ်ပ.က.ဖတာဝန်ခံ ကိုသံမဏိက RFA ကို ပြောပါတယ်။

"ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကို စစ်ဆေးဖို့ လိုတဲ့သူတွေကို စစ်ဆေးနေသလို၊ တချို့ကိုလည်း ဆေးကုပေးတာ ရှိပါတယ်။ လူ့အခွင့်အရေးနဲ့အညီ ထိန်းသိမ်းထားပါတယ်"

လက်နက်ခဲယမ်းတချို့လည်း သိမ်းယူနိုင်ခဲ့တယ်လို့ပြောပေမဲ့ အရေအတွက်အတိအကျကို ထုတ်မပြောပါဘူး။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။

လက်ရှိ စဥ့်ကူးမြို့ရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကို PDFပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး စစ်ကောင်စီ က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သူက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် မြို့ရဲ့ သုံးပုံတစ်ပုံ မီးလောင်ပျက်စီးနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org