စဉ့်ကူးမှာ အရပ်သား သုံးဦးဖမ်းဆီးသတ်ဖြတ်ခံရ

စဉ့်ကူးမြို့နယ်ထဲမှာ အရပ်သားသုံးဦး ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ဖမ်းဆီးခံရပြီး နောက်တစ်ရက်မှာပဲ သတ်ဖြတ်ခံခဲ့ရပါတယ်။

စဉ့်ကူးမြို့အဝင်တစ်နေရာကို တွေ့ရစဉ်။ Citizen Journalist

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲမှာ အရပ်သားသုံးဦး ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ဖမ်းဆီးခံရပြီး နောက်တစ်ရက်မှာပဲ သတ်ဖြတ်ခံခဲ့ရတယ်လို့ စဉ့်ကူးဒေသခံတွေက RFA ကိုပြောပါတယ်။

သေဆုံးသူတွေက ငပြင်းအင်းရွာမှာနေထိုင်တဲ့ အသက် ၅၀ ကျော်အရွယ် ဦးမန်းနဲ့ အသက် ၂၇ နှစ်အရွယ် သားဖြစ်သူ ကိုရာဇာတိုး၊ ရွာသစ်ကြီး ရွာကအသက် ၅၀ ဝန်းကျင် ဦးမင်းအောင်တို့ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ညပိုင်းမှာ ဖမ်းဆီးခံရပြီး နောက်တစ်နေ့မနက်မှာ သေနတ်ဒဏ်ရာနဲ့ အလောင်းတွေကို ပြန်တွေ့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဖေဖော်ဝါရီလ ၁၃ ရက်ည ကိုးနာရီခွဲလောက်မှာ ဆိုင်ကယ်လေးစီးနဲ့ လူရှစ်ယောက်လောက်ပါတဲ့အဖွဲ့က ငပြင်းအင်းရွာထဲက ဦးမန်းတို့နေတဲ့ အိမ်ထဲ ဝင်လာပြီး သူတို့သားအဖကို ဖမ်းသွားတာ။ မနက်ကျတော့ ရွာပြင်မှာကြိုးတုပ်ပြီး သေနတ်နဲ့ ပစ်သတ်ထားခဲ့တာ။ ဘယ်ဘက်ရင်အုံမှာ သေနတ်ဒဏ်ရာတွေ့ပါတယ်”

အဲဒီတစ်ညထဲမှာပဲ ရွာသစ်ကြီးမှာနေထိုင်တဲ့ ဦးမင်းအောင်လည်း ဖမ်းဆီးခံခဲ့ရပြီး နောက်တစ်နေ့မှာ ရွာအပြင်ကားလမ်း ဘေးမှာသေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ သူကဆိုပါတယ်။

လက်ရှိမှာတော့ ရွာသစ်ကြီးရွာမှာ စစ်ကောင်စီတပ်က အထိုင်ချတပ်စွဲထားတယ်လို့ စဉ့်ကူးဒေသခံတွေက ပြောပါတယ်။

အရပ်သား သုံးဦးဖမ်းဆီးသတ်ဖြတ်မခံရခင် ရွာသစ်ကြီးရွာမှာ နေထိုင်တဲ့ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် တစ်ဦးကို ဥဒေါင်းမင်း ဒေသကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါတယ်။

ဥဒေါင်းမင်းဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုသုတကတော့ အရပ်သားသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ကတော့ စစ်တပ်ကအာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်အထိ နိုင်ငံတစ်ဝန်းသတ်ဖြတ်ခံရသူ ၂၉၉၈ ဦးရှိလာပြီလို့ထုတ်ပြန်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org