ဒဂုံတက္ကသိုလ် အတွင်းရေးမှူးဟောင်းကို ထောင် ၁၀ နှစ်ချ

ရန်ကုန်မြို့၊ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ အတွင်းရေးမှူးဟောင်း ကိုစည်သူအောင်တင်ကို စစ်ကောင်စီရဲ့ စစ်တရားရုံးကနေ ရာဇသတ်ကြီးပုဒ်မ ၁၂၄ - ခ နဲ့ ပုဒ်မ ၅၀၅ - က တို့နဲ့ နိုဝင်ဘာလ ၃ ရက်နေ့ မှာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ ဒဂုံ တကသက သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်ညပိုင်းက ကျောက်တံတားမြို့နယ်ထဲမှာ နေထိုင်တဲ့ ဒဂုံတက္ကသိုလ်က အသက် ၂၀ ဝန်းကျင် ကျောင်းသား၊ ကျောင်းသူ ခြောက်ဦးကို ဧည့်စာရင်းကို အကြောင်းပြပြီး စစ်ကောင်စီ တပ်သားတွေက ဖမ်းဆီးသွားခဲ့တာပါ။
အဖမ်းခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူ ခြောက်ဦးထဲက တတိယနှစ် ဥပဒေကျောင်းသား ကိုစည်သူအောင်တင်ကို ထောင် ၁၀ နှစ် ချလိုက်တာဖြစ်ပြီး ကျန်တဲ့သူတွေရဲ့ အမှုတွေကတော့ ဒီနေ့အချိန် အထိ အမိန့်မချနိုင်သေးဘူးလို့ ဒဂုံ တကသက ဆိုပါတယ်။
ကိုစည်သူအောင်တင် နဲ့အတူ အဖမ်းခံထားရတဲ့ သတ္တဗေဒ ကျောင်းသူ မဝတ်ရည်အောင်၊ ဓာတုဗေဒ ကျောင်းသူ မသဉ္ဇာဇော်၊ ရှေးဟောင်းသုတေသနကျောင်းသား မောင်ရဲလင်းဦး၊ ပထဝီကျောင်းသား မောင်မြင့်သိန်းနိုင် နဲ့ သတ္တဗေဒကျောင်းသား မောင်နေထက်လင်း တို့ကိုတော့ လက်ရှိအချိန်အထိ ဖမ်းဆီး ထားဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့ကလည်း ဖောက်ခွဲရေးလုပ်ငန်းတွေ လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး ခံလိုက်ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂ ဒုတိယ ဥက္ကဋ္ဌဟောင်း ကိုမင်းသုခကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။