နိုင်ငံသားဥပဒေ အမြန်ဖော်ထုတ်ဖို့ စစ်တွေမှာ ဆန္ဒပြ
2014.02.03

ရခိုင်ပြည်နယ်မှာ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေကို ချက်ချင်း အကောင်အထည်ဖော်ပေးဖို့၊ ၂၀၁၅ ရွေးကောက်ပွဲမှာ White Card လို့ခေါ်တဲ့ အဖြူရောင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်မပြုဖို့၊ ရခိုင်ပြည်နယ်မှာ လူမှုရေးအကူအညီတွေ ဆောင် ရွက်နေတဲ့ MSF ခေါ် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ၇ ရက်အတွင်း ထွက်ခွာသွားပေးဖို့ စတဲ့အချက်တွေနဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒေသခံနှစ်ထောင်ကျော်လောက်က ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ စစ်တွေလူမှုကွန်ရက်အဖွဲ့ဝင် ဦးကျော်ဇောဦးက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို အကောင် အထည်ဖော်ဖို့ တောင်းဆိုရတာနဲ့ပတ်သက်လို့ သတင်းထောက်တွေကို အခုလိုပြောပါတယ်။
“ဒီယုံကြည်မှု တည်ဆောက်ဖို့ဆိုတဲ့ဥစ္စာကို အဲဒီဘာသာရေး ပဋိပက္ခအသွင်ဆန်တဲ့ မိတ္ထီလာတို့၊ ဥက္ကံတို့ဘက်မှာ ဖြေရှင်းပါ၊ ဒါနယ်စပ် လုံခြုံရေးပြဿနာဖြစ်တဲ့အတွက် ဒီလူအုပ်စုနှစ်စုကို တန်းတူရည်တူ သဘောထားပြီး ချစ်ကြတော့လို့ ပြောလို့မရဘူး၊ တစ်အုပ်စုက နိုင်ငံသားဖြစ်ပြီး နောက်တစ်အုပ်စုက နိုင်ငံသားစိစစ်ရအုံးမယ့် လူတွေဖြစ်တယ်၊ ဒီတော့ကာ ကျနော်တို့ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ပထမဆုံးအနေနဲ့ ၈၂ ခုနှစ် ဥပဒေအရ နိုင်ငံသားဟုတ်၊ မဟုတ် စိစစ်ရမယ်၊ မဟုတ်တဲ့လူကို မဟုတ်တဲ့အလျှောက် စီမံရမယ်၊ ဟုတ်တဲ့လူကို ဟုတ်တဲ့အလျှောက် အခွင့်အရေးပေးရမယ်”
မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ MSF အဖွဲ့က သတင်းမှားတွေနဲ့ ဝါဒဖြန့်ချိမှုတွေ ပြုလုပ်ခဲ့သလို မွတ်စလင်တွေရဲ့ အရေးကိစ္စကိုသာ အဓိကဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက် MSF အဖွဲ့ကို ၇ ရက်အတွင်း ရခိုင်ပြည်နယ်ကနေ ထွက်ခွာသွားပေးဖို့ တောင်းဆိုရတာလို့လည်း ဆန္ဒပြပွဲဦးဆောင်သူတွေက ပြောပါတယ်။
MSF ရုံးကို RFA က အင်တာနက် အီးမေးကနေတစ်ဆင့် ဆက်သွယ်မေးမြန်းရာမှာ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Peter Paul de Groote က ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ အခြေခံလိုအပ်ချက် ကင်းမဲ့သူတွေအတွက် MSF က ကူညီနေတာဖြစ်ကြောင်း ၊ လူပုဂ္ဂိုလ်တချို့က လက်ခံနိုင်ခြင်းမရှိတဲ့အတွက် MSF အနေနဲ့ စိတ်မကောင်းဖြစ်ရကြောင်း ဖြေကြားပါတယ်။ ဒါ့အပြင် MSF အဖွဲ့ရှိတဲ့ နိုင်ငံတိုင်းမှာ လူမျိုး၊ ဘာသာ၊ ကျား/မ မရွေး ကျန်းမာရေးစောင့်ရှောက်မှု တစ်ခုတည်းကိုသာ အခြေခံပြီး ကူညီပေးနေခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။