မုန်တိုင်းကြောင့် စစ်တွေမြို့ ၉၀ ရာခိုင်နှုန်းကျော်ပျက်စီး

မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့မှာ အဆောက်အအုံတွေ ၉၀ ရာခိုင်နှုန်းကျော် ပျက်စီးသွားတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မုန်တိုင်းကြောင့် ပျက်စီးသွားသည့် အပျက်အစီးများအား ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။ Achite Taw

မိုခါမုန်တိုင်း တိုက်ခတ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ နေအိမ်အဆောက်အအုံနဲ့ သာသနိက အဆောက်အအုံတွေအပါအဝင် ၉၀ ရာခိုင်နှုန်းကျော် ပျက်စီးသွားတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ စစ်တွေမြို့မှာ ရပ်ကွက် ၃၂ ခု၊ ကျေးရွာ ၂၇ ရွာ ရှိပါတယ်။

မုန်တိုင်းကြောင့် ရပ်ကွက်နဲ့ ကျေးရွာအားလုံးက နေအိမ်အဆောက်အအုံတွေ ပျက်စီးခဲ့ သလို ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ စစ်တွေမြို့ခံတစ်ဦးက ပြောပါတယ်။

"အခုကတော့ မြို့ပျက်ကြီးလိုပဲ၊ အပင်တွေလည်း စုတ်ပြတ်၊ အိမ်တွေဆိုလည်း အကုန်လုံး လေနဲ့အတူ ပါသွားတာလည်းရှိတယ်။ အမိုးတွေလန်ပြီး ပျက်စီးတာတွေ အများကြီးပဲ။ ကျမတို့အိမ်ရှေ့က ဘုန်းကြီးကျောင်းဆို တစ်ကျောင်းလုံး အကုန် ပျက်စီးသွားတာ၊ ဘာမှကို ပြန်မရဘူး"

စစ်တွေမြို့တစ်မြို့လုံးနီးပါးကို ပြန်လည်ထူထောင်ရေးလုပ်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ စစ်တွေမြို့နယ် အပါအဝင် ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနဲ့ မြေပုံမြို့နယ်တွေကို သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒေသတွေအဖြစ် မေလ ၁၅ ရက်မှာ ကြေညာခဲ့ ပါတယ်။

စစ်တွေမြို့မှာ လူဦးရေ ၁၄၀,၀၀၀ ကျော် နေထိုင်ပြီး ဒေသခံတွေဟာ မိုခါမုန်တိုင်းကို ရှောင်ဖို့ ကျောက်တော်၊ မြောက်ဦးနဲ့ ရန်ကုန်ဘက်ကို ရွှေ့ပြောင်းနေထိုင်ကြသူတွေလည်း ရှိပါတယ်။

မုန်တိုင်း အစပိုင်းမှာ စစ်တွေမြို့ အနိမ့်ပိုင်းရပ်ကွက်တချို့ကို ရေဝင်ရောက်ခဲ့ပေမယ့် မတ်လ ၁၄ ရက်ညကတည်းက ရေပြန်ကျသွားပြီလို့ ပြောပါတယ်။

မိုခါမုန်တိုင်းဟာ မေလ ၁၄ ရက်မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးကနေ စတင်ဝင်ရောက် ခဲ့ပြီး ချင်းပြည်နယ် ပလက်ဝ၊ မတူပီ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာ၊ ကချင်ပြည်နယ် ဗန်းမော်မြို့တွေကို ဖြတ်ပြီး တရုတ်-မြန်မာနယ်စပ်မှာ မုန်တိုင်းငယ်အဖြစ် အားလျော့ သွားခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org