တံဆိပ်ကြိုနှိပ်ထားတဲ့ မဲတွေကြောင့် စစ်တွေမှာ အငြင်းပွား

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာမှာ မနေ့က ပေးခဲ့တဲ့ ကြိုတင်မဲ လက်မှတ်တွေထဲမှာ ရခိုင့်ဦးဆောင်ပါတီ (AFP) ရဲ့ ကိုယ်စားလှယ်လောင်း နေရာမှာ တံဆိပ်တုံးကြိုနှိပ်ထားတဲ့ မဲလက်မှတ်တွေကို တွေ့ရှိရတဲ့အတွက် အငြင်းပွားမှုတွေ ပေါ်ပေါက်နေပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကြိုတင်မဲပေးနေသူတစ်ဦးကို ၂၀၂၀၊ နိုဝင်ဘာ ၄ ရက်နေ့က တွေ့ရစဉ် Photo: Sub Election Commission-Rakhine State

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာမှာ မနေ့က ပေးခဲ့တဲ့ ကြိုတင်မဲလက်မှတ်တွေထဲမှာ ရခိုင့်ဦးဆောင်ပါတီ (AFP) ရဲ့ ကိုယ်စားလှယ်လောင်းနေရာမှာ တံဆိပ်တုံးကြိုနှိပ်ထားတဲ့ မဲလက်မှတ်တွေကို တွေ့ရှိရတဲ့အတွက် အငြင်းပွားမှုတွေ ပေါ်ပေါက်နေပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာက ကြိုတင်မဲပေးမှုမှာ ရခိုင့်ဦးဆောင်ပါတီ ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာမှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ တံဆိပ်တုံးကြိုနှိပ်ထားတဲ့ မဲလက်မှတ်တွေကို တွေ့ရှိခဲ့ပါတယ်။ မဲဆန္ဒရှင်က သူပေးမယ့်ကိုယ်စားလှယ်ကို ရွေးချယ်ဆုံးဖြတ်ပြီးမှ ကော်မရှင်ရဲ့တံဆိပ်တုံးကိုနှိပ်ရတာပါ။

အခုလိုကြိုနှိပ်ထားတာကို မဲဆန္ဒရှင်တစ်ဦးက စတင်သတိပြုမိရာကနေ စီစစ်ကြည့်ရာမှာ မဲလက်မှတ်အသစ် ၁၄ ရွက်ကို သက်သေအဖြစ်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မြို့နယ်ကော်မရှင် တာဝန်ရှိသူတွေက မနေ့ကစုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ တစ်စုံတစ်ယောက်က မဲလက်မှတ်တွေပေါ်မှာ တံဆိပ် ကြိုတင်ရိုက်နှိပ်ထားတယ်ဆိုတာကို တွေ့ရှိရတယ်လို့ စစ်တွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကော်မရှင်တာဝန်ရှိသူတွေနဲ့ ပါတီကိုယ်စားလှယ်ပါဝင်တဲ့ အငြင်းပွားမှု ညှိနှိုင်းရေး ကော်မတီက စစ်တွေမြို့မှာ ဒီနေ့ဆွေးနွေးခဲ့ကြပြီး ပေးပြီးသားမဲတွေကို ပယ်ဖျက်ပြီးတော့ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ မဲပေးပြီးသားသူတွေလည်း ထပ်မံပြီး မဲအသစ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ အများဆန္ဒသဘောထားနဲ့အညီ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဒီနေ့ ဆွေးနွေးညှိနှိုင်းပွဲကို တက်ရောက်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းအောင်က ပြောပါတယ်။

"ပါတီတွေရဲ့ အများဆန္ဒနဲ့အညီ၊ ပြီးတော့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်တွေရဲ့ ဆန္ဒနဲ့အညီ ဒါကိုသံသယဝင်သွားပြီ။ အဲဒီမဲပုံးကို ဒီအတိုင်းထားလိုက်မယ်ဆိုရင် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲနေ့မှာလည်း ဒီလိုဖြစ်လာနိုင်တဲ့သံသယတွေကို အဖြစ်မခံဘူးပေါ့နော်။ အဓိက ကတော့ တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်တဲ့သဘောပေါ့နော်။ အဲဒါကြောင့် ဒီလို ဆုံးဖြတ်ခဲ့ကြတာ။”

အမြင့်ကျွန်းကျေးရွာက လက်ရှိရပ်ကျေးကော်မရှင် ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကိုလည်း တာဝန်ကနေ ရပ်စဲဖို့ဆုံးဖြတ်လိုက်ကြတယ်လို့ ဆိုပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအောင်ကျော်ကတော့ မသမာမှုကျူးလွန်ခဲ့သူတွေကို စီစစ်ပြီး အရေးယူပေးစေချင်တယ်လို့ပြောပါတယ်။

“ကျွန်တော်တို့ကတော့ ဒီကိစ္စဟာ ဘယ်သူ့မှာတာဝန်ရှိသလဲ၊ ဘယ်သူက ဒီလိုမသမာမှုကို ကျူးလွန်သလဲ အဲဒါလေးတွေကိုတော့ စီစစ်ပြီးတော့ မှန်မှန်ကန်ကန်ဖြစ်အောင် အရေးယူပေးစေချင်တယ်။ နောက်တစ်ခုက ပေးထားပြီးမဲတွေကိုလည်း ကျွန်တော်တို့ အယုံအကြည်မရှိဘူး။ မှန်ကန်တဲ့ မဲပေးမှုဖြစ်မယ်၊ ပေးထားပြီးသား မဲတွေဟာလည်း မှန်ကန်တဲ့မဲပေးမှုဖြစ်တယ်ဆိုတာကိုလည်း ဘယ်သူမှ တာဝန်ယူနိုင်မှာမဟုတ်ဘူး။ ကျွန်တော်တို့ကတော့ လက်မခံဘူး။”

ဒီနေ့ဆွေးနွေးပွဲကို ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတာပါ။

ဒီအထဲမှာ ရခိုင့်ဦးဆောင်ပါတီ (AFP) ရဲ့ ကိုယ်စားလှယ်တွေက လူတစ်ဦးဟာ ဆန္ဒမဲ နှစ်ကြိမ်မပေးရဘူးဆိုတဲ့ ပြဌာန်းချက်ရှိတာကြောင့် ကန့်ကွက်ခဲ့ကြပေမယ့် အခြားပါတီတွေရဲ့ဆန္ဒအရ အဲဒီမဲတွေကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

အများဆန္ဒအရဆုံးဖြတ်တာဟာ ဒီမိုကရေစီနဲ့ အနိုင်ကျင့်ခံရတာဖြစ်လို့ ဆုံးဖြတ်ချက်ကို လက်မခံကြောင်း အထက်ကော်မရှင်အဆင့်ဆင့်ကို ကန့်ကွက်စာပေးပို့သွားမယ်လို့ အစည်းအဝေးကိုတက်ရောက်ခဲ့တဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP) ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကိုမိုးက ပြောပါတယ်။

“ပြဿနာရှိတဲ့ မဲလက်မှတ် ၁၅ ခုကိုသာ ပယ်ဖျက်ပြီး ပြဿနာမရှိတဲ့ မဲပုံးထဲက မဲ ၃၀၀ ကျော်ကို ပယ်ဖျက်တယ်ဆိုတာဟာ ဒီမိုကရေစီဆိုတဲ့ အများကလက်ခံရင်ပြီးတယ်ဆိုတဲ့စနစ်ဟာ မှားတဲ့စနစ် တစ်ခုပေါ့နော်။ မြို့နယ်မှာဖြစ်တဲ့ ပြဿနာကို ကန့်ကွက်မှုရှိရင် ခရိုင်ကိုတင်ပေးရမှာ။ ခရိုင်ကတစ်ဆင့် ပြည်နယ်ကိုတင်ပေးရမှာ။ အဲဒီမှာ သေချာတဲ့ ဥပဒေလမ်းစဉ်အတိုင်း ရှင်းပေးရမှာ။ ဒါကိုသူတို့က ဒီလိုမျိုး ဆုံးဖြတ်လိုက်တဲ့အခါကျတော့ ကျွန်တော်တို့ပါတီမှာ ဆွေးနွေးချက်အရ ခရိုင်နဲ့ပြည်နယ်ကို ထပ်ပြီးစာတင်ဖို့ ဆုံးဖြတ်ထားကြပါတယ်။”

ပယ်ဖျက်ဖို့ဆုံးဖြတ်လိုက်တဲ့ မဲလက်မှတ်ပေါင်း ၃၀၀ ကျော်ရှိပေမယ့် ထည့်ထားပြီးဖြစ်တဲ့မဲတွေမှာ ပြဿနာ မရှိတာကြောင့် အခုတွေ့ရှိတဲ့ မထည့်ရသေးတဲ့ တံဆိပ်တုံးပါ ဆန္ဒမဲလက်မှတ် ၁၅ ခုကိုပဲ ပယ်ဖျက်သင့်တယ်လို့ ဦးအောင်ကိုမိုးကပြောပါတယ်။

လက်ရှိမှာတော့ အဲဒီမဲလက်မှတ်တွေနဲ့ ပေးထားပြီးသား မဲပုံးတွေကိုပါ ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

စစ်တွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံသာမောင်ကတော့ ဒီနေ့အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“ဥပဒေအကြံပေးအရာရှိက ကျွန်တော်တို့မြို့နယ်ကော်မရှင်မှာ အဖွဲ့ဝင်ဖြစ်တော့ ဥပဒေအရာရှိက ရွေးကောက်ပွဲဥပဒေပုဒ်မ-၄၇(ခ)အရ နောက်တစ်ကြိမ် မဲပေးခွင့်ရှိပါတယ်၊ လုပ်ပိုင်ခွင့်ရှိပါတယ်လို့ တင်ပြလို့ ဒီဟာကိုအများကလည်း သဘောတူကြပါတယ်။ တက်လာတဲ့ ပါတီ လေးခုအနက် သုံးပါတီကလည်း ဒီမဲပုံးတွေကို ပျက်ပြယ်တဲ့မဲအနေနဲ့ ကျွန်တော်တို့လုပ်ဖို့ သဘောတူတယ်။ အဲဒီမဲပုံးတွေကို အသုံးမပြုတော့ဘဲ နဲ့ ပျက်ပြယ်သွားပြီးတော့ ကိုယ်စားလှယ်တွေလည်း မနစ်နာရအောင် အသစ်တဖန်ပြန်ပြီးတော့ မဲထည့်ခွင့်ကိုပြုဖို့ဆုံးဖြတ်လိုက်ပါတယ်ခင်ဗျ။”

ကြိုတင်တံဆိပ်တုံးရိုက်နှိပ်ထားတဲ့ မဲလက်မှတ်အရေအတွက်ကတော့ ကွဲလွဲနေပါတယ်။ ရွေးကောက်ပွဲကော်မရှင်နဲ့ ANP ပါတီက ၁၄ ခု ရှိတယ်လို့ဆိုပေမယ့် AFP ပါတီကတော့ ၁၅ ခု ရှိတယ်လို့ ဆိုနေပါတယ်။

အခုတော့ ရွေးကောက်ပွဲကျင်းပမယ့်နေ့နဲ့ ကပ်နေပြီဖြစ်လို့ မဲမသမာမှုကျူးလွန်ခဲ့သူကို စိစစ်အရေးယူမယ့်ကိစ္စကတော့ သက်ဆိုင်ရာက နောက်ပိုင်းမှာဆောင်ရွက်ရမယ့်ကိစ္စဖြစ်တယ်လို့ မြို့နယ်ကော်မရှင် ဥက္ကဋ္ဌ ဦးစံသာမောင်ကပြောပါတယ်။

စစ်တွေမြို့မှာ မဲဆန္ဒရှင် ဦးရေ တသိန်းနှစ်သောင်းကျော်ရှိပြီး မဲရုံပေါင်း ၁၀၈ ခုမှာ မဲပေးကြမှာပါ။ အဲဒီအထဲက ကြိုတင်မဲထည့်ရမယ့် အသက် ၆၀ နဲ့အထက် မဲဆန္ဒရှင်ဦးရေက တသောင်းလေးထောင်ရှစ်ရာကျော်ရှိပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org