စစ်တွေ ဆရာတော်နှစ်ပါး ဘာသာပေါင်းစုံအဖွဲ့ကို လက်ခံတွေ့ဆုံ
စစ်တွေမြို့ကို ရောက်ရှိနေတဲ့ ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့ကို ထင်ရှားကျော်ကြားတဲ့ မဏိရတနာ ပရိပတ္တိစာသင်တိုက်က ဘဒ္ဒန္တသောမ ဆရာတော်ကြီးနဲ့ အလိုတော်ပြည့်ကျောင်းတိုက် က ဆရာတော် အရှင် ဘဒ္ဒန္တပညာဇောတတို့က ဒီကနေ့ လက်ခံတွေ့ဆုံခဲ့ပေမယ့် တခြား ဆရာတော်တွေက ငြင်းဆိုခဲ့ပါတယ်။
-
2017-09-08 -
-
-
စစ်တွေမြို့ကို ရောက်ရှိနေတဲ့ ဘာသာပေါင်းစုံ ညီညွတ်ရေးအဖွဲ့ကို ထင်ရှားကျော်ကြားတဲ့ မဏိရတနာ ပရိပတ္တိစာသင်တိုက်က ဘဒ္ဒန္တသောမ ဆရာတော်ကြီးနဲ့ အလိုတော်ပြည့်ကျောင်းတိုက်က ဆရာတော် အရှင် ဘဒ္ဒန္တပညာဇောတတို့က ဒီကနေ့ လက်ခံတွေ့ဆုံခဲ့ပေမယ့် တခြားဆရာတော်တွေက ငြင်းဆိုခဲ့ပါတယ်။
စစ်တွေမှာရှိတဲ့ သံဃာတော်အားလုံးလိုလိုက အခုဖြစ်ပွားခဲ့တဲ့ပြဿနာဟာ ဘာသာရေးနဲ့ လူမျိုးရေးပြဿနာ မဟုတ်ဘဲ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်တဲ့အတွက် ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့ လာရောက်ဖို့ မလိုဘူးလို့ ရှုမြင်ကြပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင် ဦးဆောင်သွားရောက်တဲ့ အဖွဲ့ကို အရှင် ဘဒ္ဒန္တပညာဇောတ က လိုအပ်ရင် ကာလုံအစည်းအဝေးခေါ်ဖို့ ပြည်နယ်ဝန်ကြီးချုပ်ကို သူပြောကြား ခဲ့ပြီးဖြစ်ကြောင်း ထပ်မံမိန့်ဆိုတော်မူခဲ့ပါတယ်။
ဒုတိယဝန်ကြီး ဦးခင်မောင်တင် ဦးဆောင်တဲ့အဖွဲ့ဟာ တိုင်းရင်းသား ရခိုင်လူမျိုးတွေ၊ မွတ်စလင်ကိုယ်စားလှယ်တွေ နဲ့လည်း ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ ရခိုင်တိုင်းရင်းသားတချို့က သူတို့ကို မွတ်စလင်တွေ နှိပ်စက်ပုံကို ငိုယိုပြော ကြားခဲ့သလို တချို့ကလည်း ထွက်ပြေးသွားတဲ့ မွတ်စလင်တွေကို ဘယ်နည်းနဲ့မှ ပြန်လည်လက်ခံလို့ မဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ပြောကြားခဲ့ကြပါတယ်။ မွတ်စလင် ကိုယ်စားလှယ်တွေကတော့ အကြမ်းဖက်မှုကို သူတို့လည်း လုံးဝ လက်မခံကြောင်းနဲ့ ပြစ်မှုကျူးလွန်သူတွေကို ပြတ်ပြတ်သားသား အရေးယူပေးဖို့ ပြောကြား ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံရုံး ဒုတိယဝန်ကြီး ဦးခင်မောင်တင်နဲ့ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ တို့ကလည်း ဒုက္ခသည်တွေအတွက် အချိန်ပြည့်လုပ်ကိုင်နေပုံတွေကို ရှင်းလင်းပြောကြားခဲ့ကြပါတယ်။ ဝန်ကြီးချုပ် ဦးညီပုကတော့ ဘူးသီးတောင် မောင်တောဒေသ အစွန်အဖျားနေ ရာတွေမှာ ပိတ်မိပြီး ဒုက္ခရောက်နေသူတွေထံ ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ အချိန်ပြည့် ပို့နေ တဲ့အတွက် ဒီကနေ့အစည်းအဝေးတွေကို တက်ရောက်နိုင်ခြင်း မရှိပါ။ အဲဒီ ရဟတ်ယဉ်တွေဟာ စစ်တွေကို အပြန်မှာ ကိုယ်ဝန်ဆောင်တွေ၊ တခြားအရေးပေါ် ဆေးဝါးကုသဖို့ လိုအပ်သူတွေကို ခေါ်ဆောင်လာကြရတယ် လို့လည်း အစိုးရအရာရှိတွေက ပြောပါတယ်။