ဖမ်းခံထားရတဲ့ ဗျိုင်းဖြူရွာခံ လေးဆယ်ကျော်ကို စစ်ကောင်စီပြန်လွှတ်

စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှာ မေလ ၂၉ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေထဲက လေးဆယ်ကျော်ကို စစ်ကောင်စီက ဇွန်လ ၇ ရက်နေ့ ညနေမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှ ဒေသခံများအား ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့က တွေ့ရစဉ်။ Screenshot Video: Citizen Journalist

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှာ မေလ ၂၉ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေထဲက လေးဆယ်ကျော်ကို စစ်ကောင်စီက ဇွန်လ ၇ ရက်နေ့ ညနေမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ညနေက ပြန်လွှတ်ပေးလိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တွေဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"လူလေးဆယ်ဝန်းကျင်လောက် ပြန်လွတ်လာတယ်လို့ကြားတယ်၊ ဝမ်းသာစရာ သတင်းပေါ့၊ မနေ့ကညနေက (ဇွန်လ ၇)က ပြန်လွှတ်တာ၊ ဖမ်းထားတဲ့သူတွေကို စစ်တပ်က ဘုန်းကြီးကျောင်းတွေမှာ နေရာချပေးတယ်လို့ ကြားတယ်"

ရခိုင်လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမြတ်ထွန်းကလည်း ပြန်လွတ်လာသူတွေထဲမှာ သူ့ရဲ့ မိတ်ဆွေတစ်ဦးလည်း ပါဝင်တယ်လို့ RFA ကို ပြောပါတယ်။

"ကျွန်တော်တို့နဲ့ အရင်အတူနေခဲ့တဲ့ တစ်ယောက်က ဗျိုင်းဖြူမှာနေတာ၊ မိသားစုတွေက သူ့ကို သေပြီလို့ဆိုပြီး စိတ်ပူနေတာ၊ သူပြန်လွတ်လာတယ်လို့ ကြားတယ်။ သူတို့အဆက်အသွယ်ရဖို့က မလွယ်ဘူးဖြစ်နေတယ်၊ ပြန်လွတ်လာတာက မှန်ပါတယ်၊ ဘယ်နှစ်ယောက် လွတ်လာတယ်ဆိုတာ မသိရဘူး"

ဒေသအခြေစိုက်မီဒီယာတွေမှာတော့ ဗျိုင်းဖြူကျေးရွာက အရပ်သား ၁၀၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီးထားပြီး ၄၇ ဦးကို ဇွန်လ ၇ ရက်နေ့က ပြန်လွှတ်ပေးခဲ့တယ်လို့ ရေးသားထားပါတယ်။ လွတ်မြောက်လာတဲ့ ရွာသားအရေအတွက် အတိအကျကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ ဗျိုင်းဖြူရွာကို မေလ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်သား အင်အား ၁၇၀ လောက်က ကား ခုနစ်စီးနဲ့အတူ တစ်ရွာလုံးကို ပိတ်ဆို့ဖမ်းဆီးခဲ့ပြီး အရပ်သား ၇၆ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၄ ရက် မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ၊ လူနေအိမ်တချို့ကို မီးရှို့တာနဲ့ တန်ဖိုးရှိ ပစ္စည်းတွေကို လုယူတာ စတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့သလို ထောင်နဲ့ချီတဲ့ ရွာသားတွေကို စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားဆဲဖြစ်တယ်လို့ AA က ပြောထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဗျိုင်းဖြူရွာ မြောက်ဘက်က ကံပြင်ရွာဟောင်းနဲ့ ကံပြင်ရွာသစ်ကနေ စစ်တွေမြို့ထဲကို ဒရုန်းဗုံးတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် မေလ ၂၉ ရက်နေ့က ဗျိုင်းဖြူရွာထဲ နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့တာလို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေကတစ်ဆင့် ဇွန်လ ၃ ရက်နေ့မှာ ပြောထားပါတယ်။

အဲဒီနေ့က လုံခြုံရေးစစ်ဆေးနေစဉ် ဗျိုင်းဖြူရွာသား မဟုတ်တဲ့ လူသုံးဦးဟာ စစ်ကောင်စီတပ်သားတစ်ဦးဆီက သေနတ်လုယူခဲ့တာကြောင့် ပြန်ပစ်ခတ်ခဲ့စဉ် အဲဒီလူသုံးဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ AA စွပ်စွဲထားသလို ရွာသား ၇၆ ယောက်ကို အစုလိုက် အပြုံလိုက်သတ်ဖြတ်တာ မရှိကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org