စစ်တွေ ရုန်းရင်းဆန်ခတ်မှုအတွက် ၉ ဦးကို ဖမ်းဆီးထား
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မနေ့ညက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ရဲ့ ကူညီထောက်ပံ့ရေး ပစ္စည်းတွေကိုအကြောင်းပြုပြီး ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုကို ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရာမှာ လူငယ်တစ်ဦး သေနတ်ကျည်ဆံထိမှန်ဒဏ်ရာရပြီး လူ ၉ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
-
2017-09-21 -

ဖြစ်စဉ်မှာ ပါဝင်ခဲ့သူတွေကို ဖော်ထုတ်အရေးယူသွားမယ်လို့ စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝင်းနောင်က ပြောပါတယ်။
"ဒါမျိုးတွေမဖြစ်လာအောင် ဖိဖိစီးစီး ဆောင်ရွက်ပေးနေပါပြီ၊ အဲလိုလုပ်လာတဲ့သူတွေအားလုံးကိုလည်း ဖော်ထုတ်ပြီး အရေးယူဆောင်ရွက်သွားမှာပါ"
သေနတ်ကျည်ထိမှန်သူကို စစ်တွေပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေသလို ဖမ်းဆီးထားသူတွေကိုလည်း စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့သိရပါတယ်။
ဖမ်းဆီးထားသူ ၉ ဦးဟာ စစ်တွေမြို့ ရွာကြီးတောင်၊ ဆတ်ရိုးကျ၊ မင်းဒရားချိတ်၊ လမ်းမတော်မြောက် စတဲ့ ရပ်ကွက်တွေက ဖြစ်တယ်လို့ သိရပါတယ်။
စစ်တွေမြို့မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC က ဘူးသီးတောင်မြို့ကို ဆိုလာမီးအိမ်၊ အဝတ် အထည်၊ စောင်၊ တာပေါ်လင်၊ ရေပုံး၊ ခြင်ထောင်နဲ့ မီးဖိုချောင်သုံးပစ္စည်း အစရှိတဲ့ တန်ချိန် ၅၀ လောက်ရှိတဲ့ ကူညီထောက်ပံ့ရေးပစ္စည်းတွေကို ပို့ဆောင်ဖို့အတွက် ဆတ်ရိုးကျချောင်းဘေးမှာ ဆိုက်ကပ်ထားတဲ့ စက်လှေပေါ် တင်ဆောင်နေရာမှာ လူစုလူဝေးဖြစ်ပေါ်ခဲ့တာပါ။
အဲဒီကူညီထောက်ပံ့ရေးပစ္စည်းတွေကို လူထုရှေ့မှာ ဖွင့်ဖောက်ပြဖို့ တောင်းဆိုခဲ့ရာကနေ ည ၈ နာရီ အချိန်လောက်မှာ လူ ၃၀၀ လောက်အထိ များပြားလာခဲ့ပြီး ရဲတပ်ဖွဲ့က သေနတ်အချက် ၅၀ ထက်မနည်း ပစ်ဖောက်ပြီး လူစုခွဲခဲ့ရာမှာ ည ၁ နာရီလောက်အချိန်မှာ လူစုကွဲသွားခဲ့တာဖြစ်ပါတယ်။
လူစုလူဝေးအတွင်းကနေ ခဲတွေ၊ မီးရှို့ထားတဲ့ ဓာတ်ဆီပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် အချို့လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။