မွတ်စလင်ဒုက္ခသည်စခန်း မီးလောင်ကျွမ်းမှုကြောင့် လူ ၆ ဦး သေဆုံး
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာရှိတဲ့ အုန်းတောချေ မွတ်စလင်ဒုက္ခသည်စခန်းက နေအိမ် တဲတန်းလျားတွေကို မနေ့ည ၁၁ နာရီခွဲအချိန် ဝန်းကျင်က မီးလောင်မှုဖြစ်ခဲ့တဲ့အတွက် လူ ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
-
2018-10-19 -
-
-
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာရှိတဲ့ အုန်းတောချေ မွတ်စလင်ဒုက္ခသည်စခန်းက နေအိမ် တဲတန်းလျားတွေကို မနေ့ည ၁၁ နာရီခွဲအချိန် ဝန်းကျင်က မီးလောင်မှုဖြစ်ခဲ့တဲ့အတွက် လူ ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးခဲ့သူ ၆ ဦးထဲက ၂ ဦးဟာ အသက် ၁၁ နှစ်နဲ့ ၁၂ အရွယ်ကလေးတွေဖြစ်တယ်လို့ ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနက RFA ကို ဒီနေ့ ပြောပါတယ်။
မီးကြွင်းမီးကျန်ကတဆင့် စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး လူနေအခန်း ၁၅ ဆောင် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ပြောပါတယ်။
ဒီမီးလောင်မှုကြောင့် အိမ်ထောင်စုပေါင်း ၁၄၀ ကျော်နဲ့ လူဦးရေ စုစုပေါင်း ၈၀၀ ကျော်ကို မိသားစု ဆွေမျိုးတွေနေ အိမ်မှာ ယာယီနေရာချပေးထားတယ်လို့ ပြည်နယ် မီးသတ်ဦးစီးဌာနက ပြောပါတယ်။
ဒေသခံ မွတ်စလင်ဒုက္ခသည်တစ်ဦးကတော့ မီးဘေးဒုက္ခသည် သုံးပုံနှစ်ပုံခန့်ဟာ ဆွေမျိုးတွေအိမ်မှာ နေရာ မလုံလောက်တဲ့အတွက် လက်ရှိမှာ စခန်းဘေးနားမှာပဲ ယာယီတဲတွေဆောက်ပြီး ဖြစ်သလို နေထိုင်နေကြရတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်ကတော့ သေဆုံးသွားသူတစ်ဦးစီအတွက် ငွေကျပ် ၃ သိန်းစီ ဒီနေ့ ကူညီပေးအပ်ထားသလို မိသားစုအသုံးအဆောင် ပစ္စည်းတွေနဲ့ ဆန် တစ်ပတ်စာ ကူညီထောက်ပံ့ပေးထားတယ်လို့ ပြောပါတယ်။
ဒါ့အပြင် မီးဘေးဒုက္ခသည်တွေ လတ်တလောနေထိုင်ဖို့ ယာယီအဆောင်တစ်ခုကို ဆောက်လုပ်ပေးထားတယ်လို့ ဝန်ကြီးက ပြောပါတယ်။
မနေ့ကဖြစ်ပွားခဲ့တဲ့ မီးလောင်ဆုံးရှုံးမှုတန်ဖိုးကတော့ ကျပ် ၃၇၅ သိန်းဖြစ်ပြီး မွတ်စလင် အမျိုးသားတစ်ဦးကို အမှုဖွင့်အရေးယူထားတယ်လို့ ပြည်နယ် မီးသတ်ဦးစီးဌာနက ပြောပါတယ်။
စစ်တွေမြို့နယ်မှာ မွတ်စလင်ဒုက္ခသည်စခန်း ၁၂ ခုရှိပြီး အိမ်ထောင်စုပေါင်း တစ်သောင်းခြောက်ထောင်ကျော်နဲ့ လူဦးရေ စုစုပေါင်း ကိုးသောင်း လေးထောင်ကျော်ရှိတယ်လို့ သိရပါတယ်။