စစ်တွေမှာ ကျူးကျော်နေထိုင်သူ ဖယ်ရှားမယ့်အမိန့် ပြန်ရုပ်သိမ်းမှု ဝေဖန်ခံရ

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရိုဟင်ဂျာတွေနေထိုင်ခဲ့တဲ့ စက်ရုံစုရပ်ကွက်က ကျူးကျော်တွေကို ဖယ်ရှားဖို့ အမိန့်ထုတ်ပြီးနောက်မှ အဲဒီအမိန့်ကို ပြန်ရုပ်သိမ်းလိုက်တာဟာ အစိုးရကိုယ်တိုင် ဥပဒေကို လေးစားလိုက်နာမှု မရှိတာလို့ ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးက ဝေဖန်လိုက်ပါတယ်။

စစ်တွေမြို့ စက်ရုံစုရပ်ကွက်က နေအိမ်အချို့ကိုတွေ့ရစဉ်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရိုဟင်ဂျာတွေနေထိုင်ခဲ့တဲ့ စက်ရုံစုရပ်ကွက်က ကျူးကျော်တွေကို ဖယ်ရှားဖို့ အမိန့်ထုတ်ပြီးနောက်မှ အဲဒီအမိန့်ကို ပြန်ရုပ်သိမ်းလိုက်တာဟာ အစိုးရကိုယ်တိုင် ဥပဒေကို လေးစားလိုက်နာမှု မရှိတာလို့ ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးက ဝေဖန်လိုက်ပါတယ်။

စက်ရုံစုရပ်ကွက် မီးလောင်ပြင်နေရာမှာ ကျူးကျော် နေထိုင်သူ (၁၂၀၀) ထောင့်နှစ်ရာကျော်ကို သုံးလအတွင်း ဖယ်ရှားဖို့ မြို့နယ်အုပ်ချုပ်ရေးမှူး ထုတ်ပြန်ထားတဲ့ အမိန့်ကို ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ RFA က မနေ့က စုံစမ်းသိရပါတယ်။

ကျူးကျော်အိမ်ပေါင်း ၁၂၅၅ လုံး ဖယ်ရှားဖို့ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက မေလ ၁၄ ရက်နေ့က အမိန့်ထုတ်ခဲ့ပြီးနောက် ငါးရက်အကြာမှာတော့ အဲဒီအမိန့်ကို ပယ်ဖျက်ကြောင်း ၁၉ ရက်နေ့စွဲနဲ့ စာထုတ်ခဲ့တာပါ။

စစ်တွေမြို့ကနေ သက္ကယ်ပြင်ကျေးရွာမှာ ထွက်ပြေးခိုလှုံနေရတဲ့ ရိုဟင်ဂျာ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကျော်လှအောင်က အစိုးရကိုယ်တိုင် ဥပဒေကို လေးစားသင့်တယ်လို့ ဝေဖန်ပါတယ်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးမှုမရှိ ဆိုတာကို ထင်ထင်ရှားရှား ပြသတာပဲဖြစ်တယ်။ မြန်မာ အစိုးရဘက်က တည်ဆဲဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်ဆိုရင် အားလုံးအေးချမ်းသွားမှာပဲ။ သူတို့က တည်ဆဲဥပဒေအတိုင်း လိုက်နာဆောင်ရွက်မှုက အားနည်းတယ်လို့ ကျွန်တော်တို့ ယူဆတယ်”

စက်ရုံစုရပ်ကွက် ကျူးကျော်ဖယ်ရှားရေး အမိန့်အကြောင်းကို RFA က မေလ ၁၈ ရက်နေ့က သတင်းထုတ်လွှင့်ခဲ့ပြီး နောက်တစ်နေ့မှာ အဲဒီအမိန့်ကို ပြန်လည်ပယ်ဖျက်လိုက်တာပါ။

ပယ်ဖျက်ရတဲ့ အကြောင်းရင်းသိနိုင်ဖို့ အုပ်ချုပ်ရေးမှူးနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူကို RFA က မေ ၂၅ နဲ့ ၂၆ ရက်နေ့တွေမှာ မေးမြန်းဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အမိန့်ထုတ်ပြန်ပြီးမှ ပြန်လည်ရုပ်သိမ်းသွားတဲ့ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို RFA က ဆက်လက် မေးမြန်းခဲ့ပေမယ့်လည်း ဒီနေ့ညနေပိုင်းအထိ   တုန့်ပြန် ဖြေကြားတာ မရှိသေးပါဘူး။

မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ကျူးကျော်တွေ ဖယ်ရှားရေးအမိန့်စာကို ရပ်ကွက်ရုံးကြော်ငြာဘုတ်မှာ ကပ်ခဲ့တဲ့ စက်ရုံစုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းလှိုင်ကတော့ မနေ့ကမနက်ပိုင်း စစ်တွေမြို့မှာ လုပ်ကြံသတ်ဖြတ်ခံရလို့ သေဆုံးသွားပါတယ်။

မနေ့က မနက် ၈ နာရီလောက်က ကွမ်းယာဆိုင်မှာ ကွမ်းဝယ်နေတုန်း နှာခေါင်းစည်းတပ်ထားသူ နှစ်ဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး ဓားနဲ့ မသေမချင်း ထိုးသွားတာလို့ ဦးသိန်းလှိုင်ရဲ့ မိသားစုက ပြောပါတယ်။

လုပ်ကြံခံရတဲ့ကိစ္စဟာ ကျူးကျော်တွေကို ဖယ်ရှားရေးအမိန့်စာနဲ့ ပတ်သက်နိုင်တယ်လို့ သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူးရဲ့ မိသားစုဝင်တစ်ဦးက  RFA ကို ပြောပါတယ်။

“သူ့မှာ ပြဿနာဖြစ်ထားတာတွေလည်း မရှိပါဘူး။ သူလုပ်ကြံမခံရခင် ဖုန်းနဲ့တော့ နှစ်ကြိမ်၊ သုံးကြိမ်လောက် ခြိမ်းခြောက်ခံရတယ်။ ဘာကိစ္စအတွက်လဲတော့ ကျွန်တော့်ကို မပြောဘူး။ ခြိမ်းခြောက်ခံရတယ်လို့ပဲ ပြောတယ်။ ကျူးကျော်ဖယ်ရှားရေးကိစ္စနဲ့ ပတ်သက်ကောင်းလည်း ပတ်သက်နိုင်ပါတယ်။ အတိအကျတော့ မသိရဘူးပေါ့။ ကျွန်တော်ကတော့ အဲဒီကိစ္စနဲ့ပတ်သက်တယ်လို့ပဲ သုံးသပ်မိတယ်”

ဦးသိန်းလှိုင် လုပ်ကြံခံရတာဟာ ကျူးကျော်တွေကိုဖယ်ပေးဖို့ အမိန့်ကို ရပ်ကွက်အတွင်းမှာ ကြော်ငြာခဲ့လို့လား၊ ပုဂ္ဂိုလ်ရေးပြဿနာတစ်ခုခုကြောင့်လား ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပြီးခဲ့တဲ့၂၀၁၂ ခုနှစ် ဇွန်လက စစ်တွေမြို့မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း နေအိမ်တွေ မီးရှို့ခံခဲ့ရတဲ့ မွတ်စလင် တစ်သိန်းကျော်ဟာ စစ်တွေမြို့ အနောက်ဘက်က ဒုက္ခသည်စခန်းအသီးသီးမှာ ပြောင်းရွှေ့နေထိုင်နေ ကြရပါတယ်။

စစ်တွေမြို့ပေါ်က စက်ရုံစုရပ်ကွက်အပါအဝင် မွတ်စလင်တွေနေထိုင်ခဲ့တဲ့ ရပ်ကွက်တွေမှာ ပြန်လည်နေထိုင် ခွင့်ပြုဖို့ မွတ်စလင်ခေါင်းဆောင်တွေက အစိုးရကို အကြိမ်ကြိမ်တင်ပြခဲ့ပေမယ့် အထမမြောက်ခဲ့ပါဘူး။

စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးက စက်ရုံစုရပ်ကွက်က ကျူးကျော်တွေကို အချိန် သုံးလအတွင်းဖယ်ရှားဖို့ အမိန့်ထုတ်ခဲ့စဉ်က မွတ်စလင်ခေါင်းဆောင်တွေဘက်က ကြိုဆိုခဲ့ကြပေမယ့် အမိန့်ကိုပြန်ရုပ်သိမ်းသွားတဲ့ အချိန်မှာတော့ သူတို့ရဲ့မျှော်လင့်ချက်တွေ ပိုမိုဝေးကွာသွားတယ်လို့ ခံစားရကြောင်း မွတ်စလင်တွေက ပြောပါတယ်။

အဲဒီရပ်ကွက်မှာ နေထိုင်တဲ့  အမည်မဖော်လိုသူ ရခိုင်တိုင်းရင်းသားတစ်ဦးကတော့ ကျူးကျော်တွေကို ဖယ်ရှားရေးအမိန့် ပြန်ရုပ်သိမ်းတာကို ကြိုဆိုတဲ့အကြောင်း ပြောပါတယ်။

“အိမ်ခြေ ၁၂၅၅ လုံး ပယ်ဖျက်ပေးရမယ်ဆိုပြီးတော့ ကျွန်တော်တို့အားလုံး စိတ်ညစ်နေကြတယ်။ မေလ ၁၈ ရက်နေ့က RFA က သတင်းလွှင့်ပေးလို့ပေါ့နော်၊ နောက်တစ်နေ့ မေလ ၁၉ ရက်နေ့မှာ အုပ်ချုပ်ရေးမှူးရုံးနားကို ကျွန်တော်တို့ ရောက်သွားတော့ ဘိုးမှာ ပယ်ဖျက်စာဆိုပြီး တွေ့လိုက်ရတော့ ကျွန်တော်တို့ တအားဝမ်းသာ သွားတယ်”

မွတ်စလင်တွေ နေထိုင်ခဲ့တဲ့ အဲဒီစက်ရုံစုရပ်ကွက်မှာ ကျေးလက်ဒေသက ရခိုင်တိုင်းရင်းသားတွေ ဝင်ရောက်နေထိုင်ခဲ့ကြတာပါ။

ရခိုင်ကျေးလက်ဒေသမှာ အလုပ်အကိုင် ရှားပါးလွန်းတာကြောင့် စစ်တွေမြို့ပေါ်မှာ ကြုံရာအလုပ်လုပ်ကိုင်ဖို့ တဖြည်းဖြည်း ပြောင်းရွှေ့လာခဲ့ကြပြီး စစ်တွေမြို့မှာ အိမ်ခြံမြေဈေး၊ အိမ်ငှားခဈေးတွေ များပြားတာကြောင့် မွတ်စလင်တွေ နေထိုင်ခဲ့တဲ့ မီးလောင်ပြင်နေရာတွေမှာ ဝင်ရောက်နေထိုင်လာခဲ့ကြရာကနေ ကျူးကျော်တဲ အိမ်တွေ များပြားလာခဲ့တာလည်း ဖြစ်ပါတယ်။

တစ်ချိန်က အဲဒီနေရာမှာနေထိုင်ခဲ့ကြတဲ့ မွတ်စလင်ရိုဟင်ဂျာတွေကတော့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက ဒီနေ့အထိ စစ်တွေမြို့အနောက်ဘက်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရဆဲဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org