ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ခံရသူတချို့ စည်းကမ်းလိုက်နာမှုအားနည်း
မြန်မာရဲ့ တတိယမြောက် ကိုရိုနာဗိုင်းရပ်စ် ကူးခံရသူကို ရန်ကုန်မြို့မှာ တွေ့ရှိတယ်လို့ အစိုးရက ဒီနေ့ မတ်လ ၂၅ ရက်နေ့ မနက်အစောကြီးမှာ ကြေညာပါတယ်။ သူနဲ့ ထိတွေ့ခဲ့တဲ့သူနဲ့ မိသားစုတွေကို အစိုးရက နေအိမ်သီးခြား စောင့်ကြည့်နေပါတယ်။
-
ဝေမာထွန်း
2020-03-25 -
-
-
အစိုးရက တွေ့ရှိတဲ့ တတိယမြောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဟာ ဗြိတိန်နိုင်ငံက လေကြောင်းနဲ့လာသူ ဖြစ်ပြီး၊ မတ်လ ၂၁ ရက်နေ့မှာ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ကို ရောက်ရှိခဲ့ပါတယ်။
လေဆိပ်ဝင်ပေါက်မှာ အပူတိုင်းကိရိယာတွေနဲ့စစ်နေတဲ့ကြားက လွတ်သွားပြီး သုံးရက်ကြာပြီးနောက် သူ့ဆီမှာ ဗိုင်းရပ်စ်တွေ့ရှိခဲ့တာပါ။
အင်းစိန်မြို့နယ်မှာ မိသားစုဝင် ကိုးဦးနဲ့ နှစ်ရက်ကြာနေထိုင်ပြီး ဖျားနာလို့ ဆေးခန်းသွားပြရာကနေ မတ်လ ၂၃ ရက်နေ့မှာ အင်းစိန်ဆေးရုံကြီးကို ရောက်ခဲ့တာပါ။
သူနဲ့ထိတွေ့တဲ့ မိသားစုနဲ့ ဆံပင်ညှပ်သူ နှစ်ဦးကို ရန်ကုန်တိုင်းတာဝန်ရှိသူတွေက နေအိမ်တွေမှာ သီးခြားနေထိုင်စေပြီး စောင့်ကြည့် နေပါတယ်။
ဒီနေ့ မတ်လ ၂၅ ရက်နေ့ မှာတော့ သူနဲ့ သူ့ကိုစောင့်ရှောက်ခဲ့တဲ့ အကိုဖြစ်သူကို မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ ဆေးရုံကို ပို့လိုက်ပါတယ်။
လူနာရဲ့ မိသားစုဝင်တွေကိုတော့ ၁၄ ရက်ကြာ သွားလာခွင့် ကန့်သတ်လိုက်ပြီး အစားအသောက်ကို ထောက်ပံ့ ပေးထားတယ်လို့ ကတောင်သူကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်း က RFA ကို ပြောပါတယ်။
“နေအိမ်မှာ အုပ်ချုပ်ရေးပိုင်းအနေနဲ့ လုံခြုံရေး ယူထားပေးတယ်။ ရာအိမ်မှူး ဆယ်အိမ်မှူးတွေလည်း အပါ။ အားလုံးပေါင်း ကိုးယောက်။ သူ့အကိုက ဆေးရုံမှာ စစ်ဆေးမှုတွေ လုပ်မယ်။ ဒီညကျမှ သိရမှာ။ ကျန်တဲ့ ခုနှစ်ယောက်က အိမ်မှာ။ နည်းနည်းတော့ စိုးရိမ်ကောင်းစိုးရိမ်ကြတာပေါ့။ တစ်ရပ်ကွက်တည်း သားတွေဆိုတော့လည်း ကူညီပေးကြတယ်။ အုပ်ချုပ်ရေးပိုင်းကလည်း သူတို့ဘာလိုလည်း ရေလိုရေ ကျွန်တော်တို့ အားလုံး ကူညီပေးတယ်။”
မနေ့ညက အစိုးရက ထုတ်ပြန်တဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့သူ သုံးဦးရှိပြီး ပိုးတွေ့ရှိသူ တွေဟာ အင်္ဂလန်က ပြန်လာသူ နှစ်ဦးနဲ့ အမေရိကန်က ပြန်လာသူ တစ်ဦးဖြစ်ပါတယ်။ သူတို့ သုံးဦးဟာ အခုလ ၁၃ ရက်နေ့၊ ၂၁ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ မြန်မာနိုင်ငံတွင်းကို အသီးသီး ရောက်ရှိလာခဲ့သူတွေ ဖြစ်ပါတယ်။
မနေ့က ရောဂါပိုးတွေ့ရှိတယ်လို့ အစိုးရက ကြေညာလိုက်တဲ့ အင်းစိန်မြို့နယ်အတွင်းက လူနာဟာ ညွှန်ကြားချက် အတိုင်း မလိုက်နာဘဲ သွားလာမှုတွေ ရှိခဲ့တာတွေ့ရတယ်လို့ အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသာအောင် ကပြောပါတယ်။
“၁၀ ရက်နေ့မှာ လန်ဒန်ကထွက်လာတယ်။ ၂၁ ရက်နေ့မနက် ၆ နာရီလောက်ရောက်တယ်။ ရန်ကုန်ရောက်တော့ လေဆိပ်ကိုဖြတ်ပြီး လေဆိပ်စစ်ဆေးမှုက လွတ်လာလို့ သူ့အိမ်ကို ရောက်လာတယ်။ လေဆိပ်ကလည်း အိမ်မှာ Quaratine လုပ်ရမယ်ဆိုတာကို မမှာပဲ နေမှာတော့မဟုတ်ဘူး။ လေဆိပ်က သူအခြေအနေကောင်းလို့ လွှတ်ပေးလိုက်ရင်လည်း သူဟိုသွား ဒီသွားမလုပ်သင့်ဘူး။ ၂၁ ရက်၊ ၂၂ ရက်နေ့မှာ ဟိုသွားဒီသွား ဆံပင်ညှပ်ဆိုင်တွေသွားပြီးတော့မှ ညကျ ဖျားတော့ ဆေးရုံရောက်၊ ဆေးရုံမှာ အဖျားမကျတော့ သွေးစစ်ကြည့်တော့ positive ဖြစ်တာပဲ။”
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ သုံးဦးအပြင် ဆေးရုံတွေမှာ စောင့်ကြည့်နေသူ ၂၅၈ ဦး၊ နေအိမ်တွေမှာ စောင့်ကြည့်ခံနေရသူ ၅၀၀၀ ခန့်ရှိနေပြီလို့ ရန်ကုန်တိုင်း၊ ကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းတွေ အရ သိရပါတယ်။
စောင့်ကြည့်ခံရသူတွေဟာ ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာပြီး ကန့်သတ်နေရာတွေမှာ မနေထိုင်ဘူး ဆိုရင် ရောဂါ ကူးစက်ပြန့်ပွားမှုအတွက် စိုးရိမ်စရာရှိတယ်လို့ ရန်ကုန်တိုင်း၊ ကျန်းမာရေး ဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာ ထွန်းမြင့်က ပြောပါတယ်။
“စောင့်ကြည့်ခံရတဲ့သူတွေအနေနဲ့ ကျွန်တော်တို့ ကျန်းမာရေးဌာနက ညွှန်ကြားထားတာကို လိုက်နာဖို့ပဲ။ တချို့လည်း မလိုက်နာတာတွေရှိတယ်လို့ သိထားပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ နိုင်ငံအတွက် အလွန် ရင်လေးစရာကောင်းပါတယ်။ တချို့ကတော့ အိမ်မှာစောင့်ကြည့်တဲ့လူတွေကို အရပ်က လက်မခံတာတွေ ဒီလို ပြဿနာတွေပေါ်နေတယ်ဆိုတာ ဟိုကြားရဒီကြားရ ကြားနေရပါတယ်။ ရပ်ကွက်က လက်ခံဖို့လိုတယ်။ အုံနဲ့ကျင်းနဲ့ ဒီနေရာမှာ မထားနိုင်ဘူးဆိုပြီး ရုန်းရင်းဆန်ခတ် ဖြစ်မယ်ဆိုရင် ကျွန်တော်တို့အတွက် တော်တော် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်တယ်။”
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရောဂါပိုးတွေ့ရှိသူတွေ ရှိလာပေမယ့် မကြောက်ရွံ့ကြဖို့ နဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ မနေ့ညက ပြည်သူတွေကို အသိပေးခဲ့ပါတယ်။
နိုင်ငံခြားရေး ဝန်ကြီးဌာနက အခုလ ၂၁ ရက်နေ့ကစပြီး အမေရိကန်၊ ဗြိတိန်၊ ဆွစ်ဇလန်၊ သြစတြေးလျ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ် အစရှိတဲ့ နိုင်ငံတွေက ပြန်လာသူတွေကို သီးသန့်သတ်မှတ်ထားတဲ့ နေရာတွေမှာ စောင့်ကြည့်တာ၊ နေအိမ်မှာ သီးသန့်နေထိုင် စောင့်ကြည့်ဖို့ ညွှန်ကြားထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးဟာ ထိန်းချုပ်လို့ရတဲ့ ရောဂါပိုးဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေညာ ထားပြီး ရောဂါတွေ့သူတွေထဲက ၄.၄ ရာခိုင်နှုန်းခန့်သာ သေဆုံးမှုရှိတယ်လို့ ပြောပါတယ်။
ရောဂါအခံရှိသူတွေ၊ ကိုယ်ခံအားနည်းသူတွေနဲ့ ကုသမှုနောက်ကျသူတွေသာ သေဆုံးကြတာဖြစ်လို့ ရောဂါ ဖြစ်နိုင်ချေများသူတွေအနေနဲ့ ဂရုစိုက်ကြဖို့နဲ့ ရောဂါလက္ခဏာပြတယ်လို့ ထင်စရာရှိလာရင် အနီးဆုံး ကျန်းမာရေးဌာနကို သွားဖို့ကိုလည်း အစိုးရက တိုက်တွန်းထားပါတယ်။