မြန်မာပြည်ပြန်ချင်သူတွေ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရ
ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း နိုင်ငံခြားတိုင်းပြည်တွေကနေ မြန်မာပြည်ကို ပြန်ချင်သူများပြားလှတဲ့အနက် ကံကောင်းသူတချို့ပြန်ခွင့်ရပေမယ့် တချို့ကတော့ ပြန်ခွင့်မကြုံပဲ ပွဲစားတွေရဲ့ လိမ်လည်မှုအပါအဝင် ဒုက္ခမျိုးစုံနဲ့ တွေ့ကြုံနေရပါတယ်။
-
ခင်မောင်စိုး
2020-08-14 -
-
-
ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း နိုင်ငံခြားတိုင်းပြည်တွေကနေ မြန်မာပြည်ကို ပြန်ချင်သူများပြားလှတဲ့အနက် ကံကောင်းသူတချို့ပြန်ခွင့်ရပေမယ့် တချို့ကတော့ ပြန်ခွင့်မကြုံပဲ ပွဲစားတွေရဲ့ လိမ်လည်မှုအပါအဝင် ဒုက္ခမျိုးစုံနဲ့ တွေ့ကြုံနေရပါတယ်။
ပြည်ပရောက် မြန်မာနိုင်ငံသားတသောင်းကျော်ကို ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွါးနေစဉ်အတွင်း ပြန်ခေါ်ခဲ့ပြီးပြီလို့ မြန်မာအစိုးရကပြောပါတယ်။ အဲဒီသူတွေအနက် လေကြောင်းလိုင်းနဲ့ ပြန်လာသူအများအပြားဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကနေတဆင့် မြန်မာနိုင်ငံကို ပြန်နေကြတာပါ။ အပတ်စဉ်ပျံသန်းပေးနေတဲ့ အဲဒီ Relieve Flight ကယ်ဆယ်ရေးလေယာဉ်နဲ့ လိုက်ပါလိုသူ အလွန်များတဲ့အတွက် ဦးစားပေးအစီအစဉ်တွေ ချမှတ်ဆောင်ရွက်နေပါတယ်လို့ ဆိုးလ်မြို့ မြန်မာသံရုံးက အလုပ်သမားရေးရာ သံအရာရှိ ဦးစိုးညီညီ က RFA ကို ပြောပါတယ်။
“ အဲဒီကယ်ဆယ်ရေးလေယာဉ်မှာ လိုက်ပါလိုသူက အရမ်းများတယ်။ တဖက်ကလည်း မြန်မာနိုင်ငံက ဒီ quarantine ထားရမယ့် အနေအထားတခုမှာ လက်ခံနိုင်တဲ့လူ အရေအတွက် ကန့်သတ်မှုရှိတယ်။ နောက်တခုက လေယာဉ်ခုံကလည်း အကန့်အသတ်ရှိတာကိုး။ အဲဒီတော့ ကျနော်တို့က ဦးစားပေးအစီအစဉ် ခွဲလိုက်တာပေါ့။ ကျန်းမာရေးကြောင့်ပြန်ရမယ့် သူတို့ နောက်ပြီး မဖြစ်မနေပြန်ရမယ့် သူတွေရှိတယ်။ နောက်ပြီးတော့ ပြန်ဖို့အတွက်စာရင်းပေးထားတာ ၅ဝဝ ဝန်းကျင်လောက်ရှိတယ်။ ပြန်လွှတ်နိုင်ခဲ့တာကတော့ မြန်မာနိုင်ငံက လုပ်သား ဒီကိုးရီးယားမှာ ရောက်ရှိပြီး ပိတ်မိနေတဲ့သူတွေပေ့ါလေ တထောင်ဝန်းကျင်လောက်ကို ပြန်လွှတ်နိုင်ခဲ့တယ်။ MAI နဲ့ အပတ်စဉ် အင်္ဂါနေ့တိုင်း ကယ်ဆယ်ရေးလေယာဉ်လွှတ်နေတာ၊ အဲဒီတော့ အပတ်စဉ် လေယာဉ်တစီးကတော့ ပုံမှန်ရှိနေပြီးပေါ့နော်၊ လေယာဉ်ခုံအရဆိုရင်တော့ ၁၃ဝ ကနေ ၁၃၅ လောက်ပဲသူတို့က လက်ခံနိုင်တယ်”
ကိုဗစ် ၁၉ ဖြစ်ပွါးနေမှုကြောင့် ကမ္ဘာ့နိုင်ငံအများအပြားက လေယာဉ်အဝင်အထွက်တွေကို ပိတ်ထားချိန်မှာ တောင်ကိုရီးယားကတော့ လေဆိပ်ကို ဖွင့်ထားပေးတဲ့အတွက် အမေရိကန်နဲ့ ဥရောပလို တခြားနိုင်ငံတွေက မြန်မာနိုင်ငံကို ပြန်လိုသူတွေကိုလည်း အဲဒီကယ်ဆယ်ရေးလေယာဉ်နဲ့ လိုက်ပါဖို့ ဆိုးလ်မြို့ မြန်မာသံရုံးက ခွဲတမ်းနဲ့ ဆောင်ရွက်နေရတယ်လို့ ဆိုပါတယ်။ ခရီးစဉ်ကူးပြောင်းလိုက်ပါဖို့အတွက် ဆိုးလ်မြို့က မြန်မာနိုင်ငံကို ပျံသန်းမယ့် လေယာဉ်မထွက်ခင် ၂၄ နာရီအတွင်း ရောက်ရှိအောင် နိုင်ငံတကာရှိ မြန်မာသံရုံးတွေနဲ့ သူတို့ ချိတ်ဆက်ဆောင်ရွက်ရတယ်လို့လည်း ဦးစိုးညီညီ က ပြောပါတယ်။
ကယ်ဆယ်ရေးလေယာဉ်နဲ့ လိုက်ပါခွင့်ရဖို့ စောင့်ဆိုင်းနေတဲ့ တောင်ကိုရီးယားရောက်မြန်မာတွေထဲက တဦးကတော့ ဌက်ဖျားရောဂါကြောင့် မကြာခဏ အပြင်းဖျားနေတဲ့ ကိုဟိန်းမင်းဇော် ဆိုသူပါ။
“ကျနော်ကိုရီးယားရောက်တာ ၃ နှစ်ပြည့်ခါနီးလို့ ၂ လ လောက်အလိုပေါ့။ ကျန်းမာရေးကလဲ ဒီရောက်ပြီးမှ ခဏခဏထပ်ဖျားနေတာပေါ့။ မြန်မာပြည်မှာလည်း ကျနော်က ငှက်ဖျားအခံရှိနေတာဆိုတော့ ခဏခဏဖျားနေတာဆိုတော့ အလုပ်ကလည်း မဆင်းနိုင်တဲ့အခါ အခက်အခဲဖြစ်တာကြောင့် သူငယ်ချင်း အဆောင်မှာ မှီခိုနေတာပါခင်ဗျ။ ဒီမှာက နေစရိတ် စားစရိတ်တွေ အလုပ်မရှိတဲ့အခါ ပိုပြီးဆိုးတာပေါ့နော်။ သံရုံးမှာတော့ လျှောက်ထားပါတယ်ခင်ဗျ။ သံအရာရှိက တတ်နိုင်သလောက်ကူညီပေးမယ် ပြောပါတယ်ခင်ဗျ”
ဒီအတောအတွင်း တရားမဝင်မြန်မာလုပ်သားဦးရေ သိန်းနဲချီရှိနေတဲ့ မလေးရှားမှာလည်း မြန်မာနဲ့ မလေးရှားအစိုးရအကြား ပြန်ပို့ရေးသဘောတူညီချက်မရတဲ့အတွက် တရားမဝင်နယ်စပ်က ပြန်နေသူတွေ နေ့စဉ်ရှိနေပါတယ်။ လတ်တလောမှာ မြန်မာပြည်ပြန်ဖို့ငွေပေးပြီးမှ ပွဲစားက ထွက်ပြေးသွားလို့ နေစရာစားစရာမယ့် ဖြစ်နေတဲ့ မြန်မာ ၁၂ ဦးကို ကယ်ဆယ်ထားရတယ်လို့ ကွာလာလမ်ပူမြို့မှာရှိတဲ့ မြန်မာ တမီလ်ဟိန္ဒူနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုမိုးက RFA ကိုပြောပါတယ်။
“ မြန်မာနိုင်ငံကို ပြန်ဖို့ဆိုပြီးတော့ မလေးရှား ကွာလာလမ်ပူမြို့ကိုတက်လာပြီး ပွဲစားလိမ်ညာခံရတဲ့ ၁၂ ယောက်ကျနော်တို့ဆီ ရောက်နေတယ် အခုလက်ရှိသူတို့ပြန်ဖို့အတွက်ကို ကျနော်တို့ဆောင်ရွက်နေတယ် ၊ ၁၂ ယောက်လုံးက ကျနော်တို့ နာရေးကူညီမှုအဖွဲ့က စောင့်ရှောက်ထားပါတယ်။ ကျနော်တို့က နောက်ပြီး သံရုံးကိုတင်ပြထားပါတယ်။ ဒီကလေးတွေကိစ္စ အဆင်ပြေအောင်ကူညီပေးပါပေါ့။ သံရုံးကလည်း စောင့်ပေးပါပေါ့။ သူတို့က အထောက်အထားမဲ့နေတဲ့အခါကျတော့ မလေးရှား လဝက ကလည်း ခွင့်ပြုချက်မရတဲ့အခါကျတော့ သူတို့ကို ပြန်လွှတ်ရခက်နေတယ် ”
အခုလို လိမ်လည်မှုအပါအဝင် မြန်မာပြည်ပြန်လိုသူတွေကို အခွင့်အရေးယူပြီး ပိုမိုဒုက္ခရောက်အောင် နည်းမျိုးစုံနဲ့ ဆောင်ရွက်နေသူတွေဟာ မလေးရှားအပြင် တခြားနိုင်ငံတွေမှာလည်း ပေါ်ပေါက်နေတယ်လို့ သိရပါတယ်။