ယင်းမာပင်မှာ အသက်မပြည့်သေးသူ သုံးဦး အပါအဝင် ခြောက်ဦး သတ်ဖြတ်ခံရ

ယင်းမာပင်မြို့နယ် သဲကုန်းရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီး အရပ်သား ခြောက်ဦး သတ်ဖြတ်ခံထားရတာကို တွေ့ရပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် သဲကုန်းရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီး ပြန်ထွက်သွားချိန် အောက်တိုဘာ ၁၆ ရက်နေ့မှာ အသက်မပြည့်သေးသူ သုံးဦး အပါအဝင် အရပ်သား ခြောက်ဦး သတ်ဖြတ်ခံထားရတာကို တွေ့ရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

အသတ်ခံရသူတွေဟာ အသက် ၁၇ နှစ်အရွယ်တွေဖြစ်တဲ့ မောင်သန့်ဇင်ဦး၊ မောင်ခန့်နေနိုင်၊ မောင်သန်းထိုက်အောင်၊ အသက် ၃၀ ကျော် အရွယ်တွေဖြစ်တဲ့ ကိုမောင်လင်း၊ ကိုဇော်မောင်နဲ့ ကိုဇော်သူတို့ ဖြစ်ပါတယ်။

အင်အား ၈၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ အောက်တိုဘာ ၁၄ ရက်နေ့မှာ သဲကုန်းရွာကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။

၁၅ ရက်နေ့မှာ စစ်ကြောင်းပြန်ထွက်သွားတဲ့အတွက် ရွာသားတချို့က ရွာထဲပြန် ဝင်ကြည့်ချိန် ကင်းပုန်းဝပ်ပြီး ချန်ထားခဲ့တဲ့ စစ်သားတွေက အခုအသတ်ခံရသူ ခြောက်ဦးကို ၁၅ ရက်နေ့မှာ အရှင်ဖမ်းဆီး၊ ၁၆ ရက်နေ့မှာ တချို့ကို ရိုက်နှက်သတ်ဖြတ်၊ တချို့ကို ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

သူတို့အထဲက ကိုဇော်‌မောင်ကိုတော့ စစ်ကောင်စီတပ်က ဦးခေါင်းဖြတ်ပြီး သတ်ဖြတ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"၁၅ ရက်နေ့က စစ်ကြောင်းပြန်ထွက်သွားတော့ ရှင်းပြီဆိုပြီး ဒေသခံတွေက ရွာပြန်အဝင်မှာ တစ်ဝက်ချန်ထားခဲ့တဲ့ စစ်ကြောင်းက ရွာကနေ စောင့်ဖမ်းတယ်။ ၁၆ ရက်နေ့မှာ စစ်ကြောင်းရွာကနေ ပြန်မထွက်ခင် အကုန်သတ်ပစ်ခဲ့တာပဲ။ အဲဒီအထဲက ကိုဇော်မောင်ကို ခေါင်းဖြတ်သတ်သွားတယ်။ ရုပ်အလောင်းတွေမှာ တုတ်နဲ့ ရိုက်နှက်ခံထားရတဲ့ အညိုအမည်း ဒဏ်ရာတွေလည်း တွေ့ရသလို၊ ပစ်သတ်ခံရတဲ့ ကျည်ပေါက်ရာတွေလည်း တွေ့ပါတယ်"

ရုပ်အလောင်းအားလုံးကို အောက်တိုဘာ ၁၆ ရက်နေ့ ညနေပိုင်းက သဲကုန်းရွာအဝင်မှာ အစုလိုက်အပြုံလိုက် ပြန်တွေ့ရတာပါ။ ရုပ်အလောင်းတွေရဲ့ဘေးမှာ ရိုက်နှက်ရာမှာ အသုံးပြုတဲ့ သွေးစွန်းနေတဲ့ ရှားနှစ်တုတ်ကို တွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

သဲကုန်းရွာသားအားလုံး စစ်ကြောင်းဝင်တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ကတည်းက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေပြီး ဒီသတ်ဖြတ်မှုကြောင့် အခုချိန်ထိ ရွာကိုမပြန်ရဲသေးဘူးလို့ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

"အောက်တိုဘာ ၁၄ ရက်နေ့ကတည်းက ကြိုရှောင်နေတာ၊ ဒီနေ့နဲ့ဆို လေးရက်ရှိပြီ။ အိမ်မပြန်ရဲသေးဘူး။ စစ်ကြောင်းပြန်ဝင်လာမှာ စိုးလို့လေ။ သတ်ဖြတ်ခံရတဲ့သူတွေက အိမ်မှာကျန်နေခဲ့တဲ့ တိရစ္ဆာန်တွေကို အစာပြန်ကျွေးရင်း အဖမ်းခံရ၊ အသတ်ခံရတာပါ။ ကာကွယ်ရေးအဖွဲ့ကလည်း မဟုတ်ရပါဘူး။ ဒေသခံတွေပါ"

သဲကုန်းရွာဟာ အိမ်ခြေ ၁၈၀ ကျော်၊ လူဦးရေ ၆၀၀ ကျော်ရှိပြီး ဒေသခံအများစုဟာ စိုက်ပျိုးမွေးမြူရေးကိုသာ အဓိက လုပ်ကိုင်သူတွေဖြစ်တယ်လို့ အဲဒီအမျိုးသမီးက ပြောပါတယ်။

ဒေသခံတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံတစ်ဝန်းသေဆုံးခဲ့တဲ့ အရပ်သား ၄,၁၄၈ ဦး ရှိနေပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org