ကလေးမြို့မှာ လူငယ် ခြောက်ဦး ဖမ်းဆီးခံရ
စစ်ကိုင်းတိုင်း ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက်မှာနေထိုင်တဲ့ လူငယ် ခြောက်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စက်တင်ဘာလ ၁၆ ရက်နေ့ မနေ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2021-09-16
-
-
-
စစ်ကိုင်းတိုင်း ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက်မှာနေထိုင်တဲ့ လူငယ် ခြောက်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စက်တင်ဘာလ ၁၆ ရက်နေ့ မနေ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ကိုတုန်တုန်၊ ကိုဂျီဝမ်း၊ ကိုစစ်ရိပ်၊ ကိုကျီရမ်း တို့ဖြစ်ပြီးတော့ ကျန်လူငယ် နှစ်ဦး အမည်ကိုတော့ မသိရသေးပါဘူး။
သူတို့ဟာ ချမ်းမြေ့အောင်စည်ရပ်ကွက်က နေအိမ်မှာရှိနေစဉ် မနက် ၆ နာရီခွဲလောက်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စစ်ကားသုံးစီးနဲ့ လာရောက်ပြီး ဖမ်းဆီးသွားတာလို့ မျက်မြင်တွေက ပြောပါတယ်။
အဲဒီလူငယ်တွေကို စစ်ကော်စီတပ်ဖွဲ့ဝင်တွေက ကလေးမြို့နယ် ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဘာကြောင့်ဖမ်းဆီးခံရတယ် ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ချမ်းမြေ့အောင်စည်ရပ်ကွက်အပြင် ပင်လုံရပ်ကွက်မှာရှိတဲ့ စင်္ကြာလမ်းက နေအိမ်တစ်ချို့ကိုလည်း ဝင်ရောက်ရှာဖွေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ဖမ်းဆီးခံထားရတဲ့ အမျိုးသား သုံးဦးလည်း ဒီနေ့အထိ ပြန်မလွတ်လာသေးပါဘူး။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့ကလည်း ကလေးမြို့မှာ သပိတ်စခန်းဖြိုခွဲခံရပြီး ကိုလင်းလင်း၊ ကိုပြားလေး (ခ) ကိုသိန်းနိုင်ထူး၊ မနေခြည်နွေးနွေးဦး၊ မမို့မို့လင်း၊ မဇင်မိုးခိုင်၊ မငယ် (ခ) မအေးငယ်၊ မယုမော်ထွေး၊ ကိုနန်းဦး၊ စုစုပေါင်း ရှစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
သူတို့ကိုတော့ ရာဇသတ်ကြီး ပုဒ်မ - ၅၀၅(က) တရားစွဲဆိုပြီး မော်လိုက်အကျဉ်းထောင်ကို ပို့ဆောင်ခံထား ရတယ်လို့ ဖမ်းဆီးခံမိသားစုဝင်တွေက ပြောပါတယ်။
ကလေးမြို့ဟာ ဆန္ဒပြသပိတ်တွေ လက်ရှိအချိန်ထိအားကောင်းတဲ့ မြို့တစ်မြို့ဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ပစ်ခတ်ခံရပြီး သေဆုံးသူ ၅၀ ကျော်နဲ ဖမ်းဆီးခံရသူ ၁၀၀ ကျော်ရှိပြီလို့ ဆန္ဒပြသပိတ် ဦးဆောင်သူတွေက ပြောပါတယ်။