နိုင်ငံတဝန်း စစ်အာဏာသိမ်းဆန့်ကျင်မှု အသံတိတ်သပိတ် ဆင်နွှဲ
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဒီနေ့မှာကျရောက်တဲ့ နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာပဲ နိုင်ငံတစ်ဝန်း အသံပိတ်သပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။
- 2021-12-09
-
-
-
ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ၊ ကချင်၊ ချင်း အစရှိတဲ့ နိုင်ငံတစ်ဝန်း တိုင်းနဲ့ပြည်နယ်တွေက မြို့တွေမှာ အသံတိတ်ငြိမ်သက်သပိတ်ကို ဒီနေ့ ဆင်နွှဲကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေးနဲ့ အာဏာသိမ်းမှုကို ဆန့်ကျင် ကြောင်း ပြသတဲ့အနေနဲ့ ဒီလှုပ်ရှားမှုကိုပြုလုပ်တာလို့ ဦးဆောင်သူတွေက ပြောပါတယ်။
အသံတိတ်သပိတ်လှုပ်ရှားမှုကို မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ ဆင်နွှဲဖို့ သတ်မှတ်ထားပေမဲ့ မနက် ၈ နာရီလောက်ကတည်းက ပြည်သူတွေ အိမ်ပြင်မထွက်ဘဲ သပိတ်မှာပါဝင်ခဲ့ကြတာကြောင့် မြို့နယ်တိုင်းက လမ်းမတွေနဲ့ ဈေးတွေမှာ လူသွားလူလာမရှိဘဲ ရှင်းလင်းနေပါတယ်။
ရန်ကုန်မြို့မှာ ဒီနေ့မနက်ကစပြီး ဈေးဆိုင်ခန်းတွေကို ပိတ်ထားသလို လမ်းမတွေပေါ်မှာလည်း လူတစ်ယောက်စ နှစ်ယောက်စလောက်သာတွေ့ရပြီး တိတ်ဆိတ်နေပါတယ်။
ဒါဟာ အာဏာသိမ်းစစ်တပ်အပေါ် ဆိတ်ငြိမ်နေမှုနဲ့ အကျယ်လောင်ဆုံး ထုတ်ဖော်ပြသတာလို့ တက္ကသိုလ် ကျောင်းသားဟောင်းများအင်အားစုက ကိုနန်းလင်းက ပြောပါတယ်။
"Silent Strike သည် မတ်လ ၂၄ တုန်းက တစ်ခါလုပ်တယ်၊ အဲတုန်းကလည်း သန်းနဲ့ချီပါဝင်ပြီးတော့မှ နိုင်ငံတကာသတင်းမီဒီယာတွေက ချီးကျုးရတယ်။ ပြည်သူတွေရဲ့ အသံတိတ်လှုပ်ရှားမှုက အင်မတန် ထိရောက်ခဲ့တယ်။ အခုတစ်ခေါက် ကိုးလအကြာမှာ ထပ်ပြီးလုပ်တယ်။ ဒီကိုးလအကြာမှာ အခြေအနေ တွေက ကွာခြားသွားတယ်။ စစ်ကောင်စီက တကယ်ကို လူမဆန်စွာ အကြမ်းဖက်ဖိနှိပ်တဲ့အတွက် ကျနော်တို့ပြည်သူတွေ လမ်းပေါ်မှာ သန်းနဲ့ချီဆန္ဒပြလို့မရဘူး။ ပြီးတဲ့အခါမှာ ဒီစစ်ကောင်စီကြောင့်ပဲ ပြည်သူတွေရဲ့ စားဝတ်နေရေး ပိုကျပ်တည်းလာတယ်။ ပြီးတော့ ပြည်သူတွေက မဖြစ်မနေ စားဝတ်နေရေး ဆိုတဲ့ခေါင်းစဉ်အောက်ကို ပြန်လည်သွားတယ်။ သူတို့လည်ပတ်မှုက စစ်ကောင်စီအုပ်ချုပ်တာကို လက်ခံနေလို့ မဟုတ်ဘူး။ ငါတို့ဟာ ငါတို့ဘာသာ လည်ပတ်ချင်လို့ လည်ပတ်နေတာ၊ ငါတို့ရုန်းကန်မှုနဲ့ ငါတို့လည်ပတ်နေတာ၊ မင်းတို့ကို အုပ်ချုပ်ခွင့်ပေးနေတာ မဟုတ်ဘူးဆိုတာ ဒီကနေ့ Silent Strike က ပြသမှာဖြစ်တယ်"
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ ပြည်သူတွေကို အကြမ်းဖက်ဖမ်းဆီးတာ၊ သတ်ဖြတ်တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက် မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့တယ်လို့ ပြည်သူတွေက ထောက်ပြပြောဆိုနေကြတာပါ။
ရန်ကုန်တိုင်း မှော်ဘီမြို့နယ်မှာနေထိုင်တဲ့ ဒေါ်ယဉ်ယဉ် ကတော့ အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တွန်းလှန်နိုင်ဖို့ ဒီနေ့ အသံတိတ်သပိတ်မှာ ပါဝင်တာလို့ RFA ကို ပြောပါတယ်။
"ဟိုတုန်းကလည်း အန်တီကိုယ်တိုင် လမ်းလျောက်ဆန္ဒပြခဲ့တယ်။ အခုလည်း အိမ်ထဲမှာနေပြီး ဘာမှမလုပ် ပေးရဘူးလားဆိုပြီး ကလေးတွေအတွက် စိတ်မကောင်းလို့ အန်တီလုပ်လိုက်တာ။ အန်တီကိုယ်တိုင်က လည်း လိုင်းတွေလည်း မသုံးတတ်တော့လေ။ ဘာလို့လဲဆိုတော့ ကလေးတွေက အန်တီတို့ကို သွေးအေး နေတယ်လို့ ထင်နေတာ။ အန်တီတို့လို မလုပ်တတ်တဲ့ မိခင်တွေလည်း သွေးမအေးပါဘူး ဆိုတာကို ပြောချင်တာ"
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြလူငယ်တွေကို စစ်တပ်က အကြမ်းဖက်တဲ့ဖြစ်ရပ်တွေနဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဒုန်းတောရွာမှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး မီးရှို့မှုတွေဟာ လူ့အခွင့်အရေးချိုးဖောက်တာထက် ပိုလွန်တဲ့လုပ်ရပ်တွေဖြစ်တယ်လို့ ဒီနေ့ အသံတိတ်သပိတ်မှာ ပါဝင်လှုပ်ရှားသူတွေက ပြောပါတယ်။
"ကျနော်တို့လိုချင်တဲ့ လူ့အခွင့်အရေးတွေပြည့်ဝဖို့ဆိုတာ တောင်းယူလို့ရရိုးမရှိပါဘူး။ အခုလိုပဲ တိုက်ပြီးတော့ယူရမှာပဲလို့ ပြောချင်တယ်"
ရန်ကုန်မြို့မှာနေထိုင်တဲ့ အထည်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်စန်းစန်းဝင်းမော် ကတော့ မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ လူ့အခွင့်အရေး အခြေအနေတွေအားလုံး ပျောက်ဆုံးနေတာကြောင့် ဒီနေ့ အသံတိတ်သပိတ်မှာ ပါဝင်ခဲ့တာလို့ ပြောပါတယ်။
"စစ်တပ်က အာဏာသိမ်းထားတဲ့ ကာလမှာဆိုရင် ကလေးတွေကို ညှဥ်းပန်းတယ်၊ နှိပ်စက်တယ်၊ အန်တီ တို့ မြင်တွေ့နေတယ်။ ထန်တလန်မှာ မီးရှို့တယ်။ လူ ၁၁ ယောက်ကို အရှင်လတ်လတ် မီးလောင်တိုက် သွင်းတယ်။ အဲတော့ အကြင်နာတရားမရှိဘဲ နှိပ်စက်နေတဲ့ကာလကြီးမှာ အန်တီတို့ကတော့ စစ်တပ်ကို ရွံမုန်းတယ်။ သားသမီးချင်း ကိုယ်ချင်းစာတယ်။ ညဖမ်းသွားတယ်၊ မနက်ကျရင် အလောင်းလာထုတ်ပါ ပြောတယ်။ မိဘတစ်ယောက်အနေနဲ့ ကြေကွဲရတယ်။ အဲဒါမျိုးတွေ တွေ့နေရတယ်။ အန်တီကတော့ ဒါတွေကိုမလိုလားဘူး။ အန်တီသိချင်တာကတော့ လူ့အခွင့်အရေးဆိုတာ ရှိသေးလားဆိုတာပဲ"
အာဏာသိမ်းစစ်ကောင်စီကတော့ ဒီနေ့ အသံတိတ်သပိတ်မပါဝင်ဘဲ ပြည်သူတွေ ပုံမှန်အတိုင်းသွားလာကြဖို့၊ ဈေးဆိုင်တွေမပိတ်ကြဖို့နဲ့ ဆိုင်မဖွင့်ဘဲထားတဲ့ ဈေးဆိုင်တွေကို အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆို တာတွေလည်းရှိနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ဒါပေမဲ့ အဲဒီခြိမ်းခြောက်မှုကို ပြည်သူတွေက လက်မခံဘဲ ဒီနေ့သပိတ်လှုပ်ရှားမှုမှာ ပါဝင်နေတာကို တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မန္တလေးသပိတ် ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်း ကတော့ ပြည်သူတွေအနေနဲ့ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေကို အခုလိုပဲ အားလုံးညီညီညွတ်ညွတ်နဲ့ ဆက်လက်ကြိုးပမ်းဖို့ လိုတယ်လို့ ပြောပါတယ်။
"အာဏာသိမ်းပြီးနောက်ပိုင်း ကျနော်တို့နိုင်ငံမှာ လူ့အခွင့်အရေးဆိုတာ လုံးဝကိုဆိတ်သုဉ်းသွားပြီ။ ပျောက်ဆုံးသွားပြီ။ လုံးဝကို အမှောင်အတိကျသွားပြီလို့ ပြောလို့ရပါတယ်။ ယခင်က မကောင်းတဲ့ အနေအထားကနေ ပိုဆိုးသထက်ဆိုးတာ၊ အဝီစိကနေ မဟာအဝီစိကိုရောက်သွားပြီ။ လူ့အခွင့်အရေး ဆိုတာ ဘယ်အာဏာရှင်စနစ်အောက်မှာမဆို စကားတောင်ဟခွင့်မရဘူး။ အာဏာရှင်တွေက ပြည်သူ လူထုအပေါ် လူ့အခွင့်အရေး အသာတကြည်ပေးမှာ မဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့ ပြည်သူအနေနဲ့ ကတော့ ကျနော်တို့လိုချင်တဲ့ လူ့အခွင့်အရေးတွေပြည့်ဝဖို့ဆိုတာ တောင်းယူလို့ရရိုးမရှိပါဘူး။ အခုလိုပဲ တိုက်ပွဲဝင်သွားရမယ်။ တိုက်ပြီးတော့ ယူရမှာပဲလို့ပြောချင်တယ်။ ဒီနေ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အကြောင်းပြောရင် သုညကနေမကဘူး အနုတ်လက္ခဏာဆောင်နေတယ်ဆိုတာ ကမ္ဘာကလည်း သိပါတယ်။ လမ်းမထက်မှာ ငြိမ်းချမ်းစွာ တောင်းဆိုတယ်ဗျာ သပိတ်တိုက်ပွဲဆင်နွှဲတယ် ကားနဲ့တိုက် ခံရတယ်။ အပြစ်မဲ့ပြည်သူ အရှင်လတ်လတ်မီးရှို့ခံရတယ်။ ကျနော်တို့ မြို့တွေရွာတွေ အကြောင်းမဲ့ မီးရှို့ခဲရတယ်။ ဒါတွေသည် ကျနော်တို့နိုင်ငံမှာ လူ့အခွင့်အရေးက ဆိတ်သုဉ်းနေပြီဆိုတာ အကောင်းဆုံး သက်သေတည်နေတယ်လို့ပဲ ကျနော်က ပြောချင်တယ်"
ဒီနေ့ နိုင်ငံတစ်ဝန်းပြုလုပ်တဲ့ အသံတိတ်သပိတ်ဟာ အာဏာသိမ်းစစ်ကောင်စီက မတရားအာဏာသိမ်း ထားမှု၊ ပြည်သူလူထုအပေါ် အကြမ်းဖက်အနိုင်ကျင့်နေမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေအတွက် အကျယ်လောင်ဆုံး ဆန္ဒထုတ်ဖော်မှုတစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ကလည်း အာဏာသိမ်းစစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းတဲ့အတွက် သေဆုံးခဲ့ရတဲ့ပြည်သူတွေအတွက် ဝမ်းနည်းခြင်း အသံတိတ်သပိတ်ကို နိုင်ငံ တစ်ဝန်းမှာ ပြုလုပ်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဒီဇင်ဘာလ ၉ ရက် မနေ့ကအထိ နိုင်ငံတစ်ဝန်း အသက် သေဆုံးခဲ့ရတဲ့ ပြည်သူပေါင်း ၁၃၂၃ ဦးရှိနေပြီး အမှန်တကယ်အရေအတွက်က ဒီထက်ပိုများနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စာရင်းထုတ်ပြန်ထားပါတယ်။