ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ရွေးကောက်ပွဲ နိုင်ဖို့လိုတယ်လို့ SNLD ဥက္ကဋ္ဌ ပြော
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အစကနေ အဆုံးတိုင် ပြန်လည်ပြင်ဆင်ရေး၊ စစ်အာဏာရှင် တိုက်ဖျက်ရေးနဲ့ လူမျိုးကြီးဝါဒ တိုက်ဖျက်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး က ပြောပါတယ်။
-
2020-10-26 -
-
-
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစကနေ အဆုံးတိုင် ပြန်လည်ပြင်ဆင်ရေး၊ စစ်အာဏာရှင် တိုက်ဖျက်ရေးနဲ့ လူမျိုးကြီးဝါဒ တိုက်ဖျက်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ကပြောပါတယ်။
ဒီနေ့ ကျရောက်တဲ့ SNLD ပါတီ တည်ထောင်ခြင်း ၃၂ မြောက်နေ့ နှစ်ပတ်လည် အခမ်းအနားကို အွန်လိုင်းကနေ ကျင်းပရာမှာ ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက တက်ရောက် မိန့်ခွန်းပြောခဲ့တာဖြစ်ပါတယ်။
ပါတီရဲ့ ရည်ရွယ်ချက်လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ လွှတ်တော်တွင်းနဲ့ လွှတ်တော် ပြင်ပ အားကောင်းဖို့လိုပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ SNLD ပါတီအနေနဲ့ ရာခိုင်နှုန်းများများနဲ့ ရွေးကောက်ပွဲအောင်နိုင်ဖို့ လိုတယ်လို့ သူကပြောပါတယ်။
ပါတီဝင်တွေ၊ ကိုယ်စားလှယ်လောင်းတွေအနေနဲ့လည်း နိုင်ငံရေးဝမ်းစာပြည့်အောင် ဖြည့်ကြဖို့ ပါတီဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။
SNLD ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရွေးကောက်ပွဲဝင်ပြိုင်မှာ ဖြစ်ပါတယ်။ မိုင်းကိုင်မြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ကော်မရှင်က ကြေညာထားတာကို ကျင်းပပေးဖို့ ထပ်မံတောင်းဆိုသွားမယ်လို့လည်း ပါတီအထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ် ကပြောပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)