နန့်စန်မြို့နယ် မဲရလဒ် SNLD ကိုယ်စားလှယ် ကန့်ကွက်လွှာ တင်မည်

ရှမ်းပြည်နယ် နမ့်စန်မြို့နယ်မဲဆန္ဒနယ် မှာ ပြည်သူ့လွှတ်တော်နေရာအတွက် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက အနိုင်ရရှိခဲ့တာကို ကျားခေါင်း ပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းက ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်ထံ ငွေကျပ် ၅သိန်း တင်သွင်းပြီး ကန့်ကွက် သွားမယ်လို့ သိရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲက မဲလက်မှတ်တချို့ကို တွေ့ရစဉ်

ရှမ်းပြည်နယ် နမ့်စန်မြို့နယ်မဲဆန္ဒနယ်မှာ ပြည်သူ့လွှတ်တော်နေရာအတွက် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက အနိုင်ရရှိခဲ့တာ ကို ကျားခေါင်းပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းက ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်ထံ ငွေကျပ် ၅သိန်း တင်သွင်းပြီး ကန့်ကွက်သွားမယ်လို့ သိရပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ဟာ ကြိုတင်မဲနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အဲဒီကြိုတင်မဲတွေထဲမှာ မဲဆန္ဒရှင်တစ်ဦးထဲ က အကြိမ်ကြိမ်မဲပေးထားတာ၊ ဘောပင်နဲ့ ခြစ်ထားတဲ့အမှန်ခြစ်တွေဟာ လူတစ်ဦးထဲက ခြစ်ထားတဲ့ ပုံစံ တူတွေ ဖြစ်နေတာကြောင့် ကန့်ကွက်လွှာတင်မှာဖြစ်တယ် လို့ နမ့်စန်မြို့နယ်မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကျားခေါင်းပါတီ ကိုယ်စားလှယ်လောင်း ဦးစိုင်းဇော်ဝင်းက ပြောပါတယ်။

"ကြိုတင်မဲက တစ်ဦးထက်ပိုပြီး ပေးလို့မရဘူးခင်ဗျ၊ အခုက တစ်ဦးထက်ပိုပြီး ပေးထားတဲ့မဲတွေတွေ့ရတယ်၊ တစ်ဦးထဲကနေခြစ်ထားတဲ့ အမှန်ခြစ်လိုမျိုး သက်သေအထောက်အထားတွေရှိတယ်၊ တပ်ကပို့ထားတဲ့ ကြိုတင်မဲက၂၃ဝဝ ရှိတယ်ခင်ဗျ၊ တစ်ဦးထက်ပိုပြီးပေးထားတဲ့ ကြိုတင်မဲတွေက ရွေးကောက်ပွဲဥပဒေအရ တရားမဝင်ဘူးခင်ဗျ၊ အဲဒီ့ ၂၃ဝဝ ကိုပယ်ဖျက်နိုင် ၃၈၈ မဲနဲ့ သူ့ကိုနိုင်မယ်"

ကြိုတင်မဲတွေ မရေတွက်ခင်မှာ မဲရလဒ် ၁၅၀၀ ကျော်နဲ့ ဦးစိုင်းဇော်ဝင်းက ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးဌေးလွင်ကို အနိုင်ရရှိထားတာဖြစ်ပြီး ကြိုတင်မဲရေတွက်ပြီးချိန်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်က အနိုင်ရရှိသွားတာဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ပေးဖို့အတွက် ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ထံ ပြီးခဲ့တဲ့ရက်ပိုင်းက စာတင်ခဲ့ပေမယ့် ဥပဒေကြောင်းအရ တရားဝင်ကန့်ကွက်ဖို့သာ ကော်မရှင်က အကြောင်းပြန်လာတဲ့အတွက် မကြာခင်မှာ ငွေကျပ်ငါးသိန်း တင်သွင်းပြီး ကန့်ကွက်လွှာတင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ကျားခေါင်းပါတီ ကိုယ်စားလှယ်လောင်းရဲ့ ကန့်ကွက်မှုကို ထောက်ခံကြောင်း နဲ့ အသိသက်သေအဖြစ် ကျားဖြူ၊ တစည နဲ့ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းတွေ ပါဝင်လက်မှတ် ရေးထိုးမှာဖြစ်တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ ကိုယ်စားလှယ်ကို ကန့်ကွက်လိုတယ်ဆိုရင် ရွေးကောက်ပွဲရလဒ် ကြေညာ ပြီးနောက် ၄၅ရက်အတွင်း ကန့်ကွက်နိုင်တယ်လို့ သိရပါတယ်။

အဲဒီလိုကန့်ကွက်မှုတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံရုံးဖွဲ့စစ်ဆေးသွားမှာဖြစ်ပြီး ကန့်ကွက်မှု မှန်ကန်တယ်ဆိုရင် အနိုင်ရရှိထားသူက ကိုယ်စားလှယ်အဖြစ်ကနေ ပယ်ဖျက်ခံရမှာဖြစ်သလို ဒုတိယ မဲ အများဆုံးရရှိသူက အနိုင်ရရှိမှာဖြစ်ပါတယ်။

ကျားခေါင်းပါတီက ကိုယ်စားလှယ်လောင်း ဦးစိုင်းဇော်ဝင်း ကို RFA သတင်းထောက် မရွှေရည်မဉ္ဇူ က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org