ပြည်ထဲရေးဝန်ကြီးဖြစ်လာမယ့် စစ်ထောက်လှမ်းရေးချုပ်

စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ကို ပြည်ထဲရေးဝန်ကြီးသစ်အဖြစ် ခန့်အပ်ဖို့ သမ္မတက အမည်စာရင်းတင်သွင်းထားကြောင်း၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ဒီကနေ့ တရားဝင် ကြေညာလိုက်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဖြစ်လာမယ့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်(ဝဲ)ကို ၂၀၁၉ ခုနှစ်က တွေ့ရစဉ် Photo: acdfm

စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို၊ ပြည်ထဲရေးဝန်ကြီးသစ်အဖြစ် ခန့်အပ်ပေးဖို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်သမ္မတဆီကို အမည်စာရင်းတင်သွင်း လာတဲ့အတွက်၊ သမ္မတ ဦးဝင်းမြင့်က ဖေဖေါ်ဝါရီလ ၅ ရက် ရက်စွဲနဲ့ ပြည်ထောင်စုလွှတ်တော် နာယကကို စာရေးပေးပို့လာတယ်လို့ ဒီနေ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောပါတယ်။

လွှတ်တော်နာယကရဲ့ ကြေညာချက်ကို ကန့်ကွက်ချင်တဲ့သူရှိရင် မနက်ဖြန် ဖေဖေါ်ဝါရီလ ၇ ရက် နောက်ဆုံး ထားပြီး အမည်စာရင်းပေးရမှာဖြစ်ပါတယ်။

တပ်မတော်က အဆိုပြုလာတဲ့ ဒုဗိုလ်ချုပ်ကြီး စိုးထွဠ်ဆိုတာ ဘယ်သူပါလဲ။ သူက အရင်က စစ်ထောက်လှမ်းရေး ချုပ် အခု စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ) ရဲ့ အကြီးအကဲပါ။ သူဟာအသက် ၅၉ နှစ်ရှိပြီး၊ ၂၀၀၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အတွင်းရေးမှူး(၂)ဗိုလ်ချုပ်ကြီး တင်ဦးရဲ့ ရဟတ်ယာဉ်ပျက်ကျမှုမှာ ဗိုလ်ချုပ်ကြီးတင်ဦးနဲ့အတူ ကွယ်လွန်ခဲ့တဲ့ ဗိုလ်မှူးချုပ် လွန်းမောင်ရဲ့သားဖြစ်ပါတယ်။ သူ့ရဲ့ဇာတိက မန္တလေးပါ။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ပြည်ထဲရေးဝန်ကြီး ဖြစ်လာမယ်ဆိုရင် ပြည်ထဲရေးဝန်ကြီးဌာနအတွက် ပိုပြီး အလုပ်လုပ်နိုင်လိမ့်မယ်လို့ တပ်မတော်မှာ တာဝန်ယူခဲ့ဖူးတဲ့ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှုးချုပ်ဟောင်း ဦးမောင်မြင့် က ပြောပါတယ်။

"အဲတော့ ဗိုလ်ချုပ်ကြီးကျော်ဆွေ ပြည်ထဲရေးဝန်ကြီး လုပ်တုန်းကလည်း စရဖ ကပဲ လာတာပဲလေ စရဖ ချုပ်ပဲ အခုလည်း ဗိုလ်ချုပ်ကြီးစိုးထွဋ်လည်း စရဖ ချုပ်ကပဲလာတယ်၊ စရဖချုပ်က လာတာဆိုတော့ စရဖဆိုတာ သူက စစ်ဖက်ရေးရာထောက်လှမ်းရေးဆိုတော့ သူက ပြည်ထဲရေးဝန်ကြီးဌာနနဲ့တော့ ဆက်စပ်မှုရှိပြီးတော့မှ နိုင်ငံတော် ရဲ့ အမျိုးသားအကျိုးစီးပွားအတွက် လုံခြုံရေးပိုင်းဆိုင်ရာတွေမှာ သူတို့က ပိုပြီးနီးနီးစပ်စပ် လက်ပွန်းတတီး လုပ်နိုင်မယ့်သူတွေလို့ အဲလိုပဲ ကျနော်မြင်ပါတယ်"

အမျိုးသားဒီမိုကရေစီအဖွဲံချုပ် NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့် ကတော့ ပြည်ထဲရေးဝန်ကြီး အဖြစ် ဘယ်သူပဲ တာဝန်ယူယူ ဆက်ဆံရေးကောင်းအောင် သူတို့ဘက်က ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

"ကျနော်တို့ကတော့ တပ်မတော်သား ဘယ်သူပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ကောင်းမွန်တဲ့ဆက်ဆံရေးထားရှိဖို့ မျှော်လင့်ပါတယ်။ ကျနော့်တို့ဘက်ကတော့ အမြဲတမ်း ဥပဒေစည်းမျဉ်းနဲ့အညီ လေးလေးစားစားနဲ့ပဲ ဆက်ဆံ မှာပါ။ အဲတော့ ကျနော်တို့ကတော့ ထူးခြားတဲ့ အခက်အခဲ ပိုပြီးရှိလာမယ်လို့ မထင်ပါဘူး။ ကျတော်တို့ကတော့ အချက်အလက်ကို သိပြီးတော့မှပဲ မှတ်ချက်ပေးပါမယ်။ ဘာကြောင့်မို့ ပြန်ပြီးလဲလည်းဆိုတာကို ကျနော်တို့ မသိပါဘူး။ မသိတဲ့အတွက်ကြောင့် ဒီအပေါ်မှာ မှတ်ချက်မပေးပါဘူး။"

တပ်မတော်က သူယုံကြည်စိတ်ချရသူတစ်ဦးကို ခန့်အပ်လိုက်တာမို့ မူဝါဒအပိုင်းမှာ အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစော က ပြောပါတယ်။

"မူဝါဒဆိုင်ရာ အပြောင်းအလဲရှိမယ်လို့တော့ သိပ်မထင်ဘူး ဘာလို့ဆို တပ်မတော်ကလည်း သူတို့ယုံကြည် စိတ်ချရတဲ့ သူတစ်ယောက်ကို ပြန်ပြီး ထည့်တယ်ပေါ့လေ၊ အဲတော့ ကြိုက်ခြင်းမကြိုက်ခြင်းဆိုတာကတော့ ဒါတော့ ကျနော်တို့ အကဲမဖြတ်တတ်ဘူး၊ ကျနော်ကတော့ မူဝါဒပိုင်းဆိုင်ရာပဲ တပ်မတော်နဲ့ရဲနဲ့ဆက်ဆံရေး တခြားပေါ့နော်၊ ဥပမာ လုံခြုံရေးအဖွဲ့တွေနဲ့ ပြည်သူနဲ့ဆက်ဆံရေး အဲဒီဟာတွေမှာတော့ မူဝါဒဆိုင်ရာ အပြောင်းအလဲရှိမယ်လို့မထင်ဘူး၊ အဓိက ကျနော်တို့လိုချင်တာ မူဝါဒဆိုင်ရာ အပြောင်းအလဲပဲ"

ပြည်ထဲရေးဝန်ကြီးဌာနဟာ တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိပြီးတော့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးဌာနအတွက် ရာထူးခန့်အပ်တာ၊ အနားပေးတာတွေကို တိုက်ရိုက်ပြုလုပ်ပါတယ်။ နိုင်ငံတော်သမ္မတက အတည်ပြုတာမျိုးပဲ လုပ်ပေးခွင့်ရှိတာပါ။

ပြည်ထဲရေးဝန်ကြီးရာထူးက အနားပေးခံခဲ့ရတဲ့ ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေ ကတော့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်တွင်းခရီးစဉ်တွေမှာ မကြာခဏလိုက်ပါလေ့ရှိပြီး၊ နှစ်ဦးအတူ ရီမောနေတဲ့ ပုံတွေ လည်း Facebook လှုမှုကွန်ရက်ပေါ်မှာ တွေ့ရတတ်ပါတယ်။

ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေဟာ မနှစ်တုန်းက အသက် ၆၀ ပြည်ခဲ့သူပါ။ ဒုဗိုလ်ချုပ်ကြီး စိုးထွဠ်က သူ့ထက် တစ်နှစ်ပဲငယ်ပါတယ်။ အဲဒါကြောင့် အသက်အရွယ်ကြောင့် ဒုဗိုလ်ချုပ်ကြီးကျော်ဆွေကို အနားပေးလိုက်တာ မဟုတ်ဘူးလို့ ယူဆရပါတယ်။ ဒါဆို ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေကို ဘာကြောင့် အနားပေးလိုက်ရတာပါလဲ။

နေပြည်တော်နိုင်ငံရေး အသိုင်းအဝိုင်းမှာတော့ ဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေဟာ အခု နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိလာတာကြောင့် အခုလို ရာထူးကနေ ဖယ်ရှားခံရတာလို့ ‌မှတ်ချက်ပေးပြောဆိုကြပါတယ်။

မကြာခင် ဝန်ကြီးသစ်ဖြစ်လာမယ့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ကတော့ သဘောထားတင်းမာသူဖြစ်တာမို့ NLD အစိုးရအနေနဲ့ ဆက်ဆံရေးခက်ခဲလိမ့်မယ်လို့ သုံးသပ်သူတွေလည်းရှိပါတယ်။

နိုင်ငံရေးလေ့လာသူ ဒေါက်တာ အောင်မျိုး က ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေနဲ့ဝန်ကြီးသစ် ဖြစ်လာမယ့် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် တို့အကြား ကွာခြားမှုကို အခုလို ရှင်းပြပါတယ်။

"လူတွေထင်တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထဲရေးဝန်ကြီးက သဘောကောင်းရင် ပိုကောင်းမယ်လို့ ထင်တာပေါ့၊ မဟုတ်ပါဘူး တကယ့်တကယ်ကျတော့ ပြည်ထဲရေးဝန်ကြီးက ဘာလုပ်ပိုင်ခွင့်မှ မရှိပါဘူး အဲဒါနဲ့ ပတ်သက်လို့ ကျနော်တို့ကတော့ သေသေချာချာ ပြောနိုင်တယ်လေ၊ အရင်ဗိုလ်ချုပ်ကြီးကျော်ဆွေကတော့ အရမ်းရင်းနှီးတယ်ပေါ့ ဒီလိုမျိုးရင်းနှီးတဲ့ ပြန်လည်တည်ဆောက်ဖို့ ဆိုတာကတော့ မလွယ်တဲ့အတွက်ကြောင့် အဲလောက်တော့ ရင်းနှီးမှုရနိုင်လိမ့်မယ် မဟုတ်ဘူးလို့ ကျနော်ယူဆတယ်"

အခုပြည်ထဲရေးဝန်ကြီးသစ်အဖြစ် လျာထားခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ ရုရှား၊ဂျပန်၊ အိန္ဒိယ၊ တရုတ် စတဲ့ပြည်ပခရီးစဉ်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ လိုက်ပါခွင့်ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org