ရှမ်းမြောက်မှာ တာဝန်ကျ တပ်မတော်သား တစ်သောင်းကျော် မဲပေးဖို့ လျှောက်ထား

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း စစ်ဆင်ရေးဝင်ရောက်နေတဲ့ တပ်မတော်သားတွေ မဲပေးဖို့ လျှောက်ထားတာ တစ်သောင်းနဲ့ ရှစ်ဆယ်ဦးရှိတယ်လို့ ရှမ်းပြည်မြောက်ပိုင်း ရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်သားများကို တွေ့ရစဉ် Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း စစ်ဆင်ရေးဝင်ရောက်နေတဲ့ တပ်မတော်သားတွေ မဲပေးဖို့ လျှောက်ထားတာ တစ်သောင်းနဲ့ ရှစ်ဆယ်ဦးရှိတယ်လို့ ရှမ်းပြည်မြောက်ပိုင်း ရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။

သူတို့မူလတာဝန်ထမ်းဆောင်တဲ့ မိခင်တပ်ရှိတဲ့မြို့နယ်တွေက မဲစာရင်းတွေမှာတော့ သူတို့အမည်တွေ ပါဝင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ပုံစံ ၃(က) နဲ့ လျှောက်ထားတဲ့အတွက်  ရွေးကောက်ပွဲနေ့မှာ သူတို့ရောက်နေတဲ့ကျေးရွာ၊ ရပ်ကွက် မဲရုံတွေမှာ မဲပေးနိုင်သလို ရွေးကောက်ပွဲ မတိုင်ခင် ကြိုတင်မဲလည်း ပေးနိုင်မှာဖြစ်ပါတယ်။

ပုံစံ ၃(က) ဆိုတာ မဲပေးခွင့်ရှိသူဟာ ရက်ပေါင်း ကိုးဆယ်ထက်မနည်း မဲဆန္ဒနယ်ပြင်ပကိုရောက်နေပြီး သူနေထိုင်ရာဒေသမှာ မဲပြန်မပေးနိုင်ရင် ရောက်ရှိတဲ့ဒေသမှာ မဲပေးခွင့်ရဖို့ လျှောက်ထားရတာကို ဆိုလိုတာပါ။

ပုံစံ ၃(က) နဲ့ မဲစာရင်းလျှောက်ထားမှုကို စက်တင်ဘာလ ၁၇ ကနေ အောက်တိုဘာလ ၁၀ ရက်နေ့ အထိ သတ်မှတ်ထားတာပါ။

ဒုတိယအကြိမ်မဲစာရင်း ထုတ်ပြန်ပြီးချိန်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်နှစ်ဆယ်မှာ မဲပေးနိုင်သူ စာရင်းက ဆယ့်လေးသိန်းငါးသောင်းခုနှစ်ထောင်သုံးရာကျော်ရှိပြီး အဲဒီထဲမှာ တပ်မိသားစုနဲ့ မှီခိုသူစာရင်းတွေပါပြီး ဖြစ်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးနှစ်ဆန်းဦးက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း  နှစ်ဆယ့်လေးမြို့နယ်ရှိတဲ့အထဲက UWSA ၀ လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ရာ ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက မြို့နယ်လေးခုမှာ ခါတိုင်း ရွေးကောက်ပွဲတွေလိုပဲ မဲဆန္ဒရှင်စာရင်း မကောက်ယူနိုင် ခဲ့ပါဘူး။

နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် ရှမ်းပြည်မြောက်ပိုင်းကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ ၂၆ ပါတီနဲ့ တစ်သီးပုဂ္ဂအမတ်လောင်းတွေ ပါဝင်မှာဖြစ်ပြီး အတည်ပြုကြေညာထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ၃၆၆ ဦး ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org