စစ်တွေရောက် စစ်ဘေးဒုက္ခသည် သုံးဦးနဲ့ ရဟန်းတစ်ပါး အဖမ်းခံရ

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဇီးတောတောရဘုန်းကြီးကျောင်း စစ်ဘေးဒုက္ခသည် စခန်းမှာရှိနေတဲ့ ပလက်ဝမြို့နယ်က ရဟန်းတစ်ပါး၊ စစ်ဘေးဒုက္ခသည်တွေထဲက အသက်မပြည့်သေးသူ နှစ်ဦး နဲ့ လူငယ်တစ်ဦးကို အောက်တိုဘာလ ၁၃ ရက်နေ့ ညနေပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခုနဲ့ရဲက ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေနဲ့ ကျောင်းထိုင် ဆရာတော်က RFA ကို ပြောပါတယ်။

စစ်တွေမြို့နယ် ဇီးတောတောဘုန်းကြီးကျောင်း စစ်ဘေးဒုက္ခသည်စခန်းက ဖမ်းဆီးခံရသူသုံးဦးရဲ့ ပုံကို မြင်ရစဉ် ဓါတ်ပုံ - ကျောင်းထိုင်ဆရာတော် ဦးခေမာစာရ

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဇီးတောတောရဘုန်းကြီးကျောင်း စစ်ဘေးဒုက္ခသည်စခန်းမှာရှိနေတဲ့ ပလက်ဝ မြို့နယ်က ရဟန်းတစ်ပါး၊ စစ်ဘေးဒုက္ခသည်တွေထဲက အသက်မပြည့်သေးသူ နှစ်ဦး နဲ့ လူငယ်တစ်ဦးကို အောက်တို ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခုနဲ့ရဲက ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေနဲ့ ကျောင်းထိုင် ဆရာတော်က RFA ကို ပြောပါတယ်။


ပလက်ဝမြို့နယ် သူဌေးကုန်းကျေးရွာက အသက် ၁၆ နှစ်အရွယ် မောင်ကျော်ဇော်လှ၊ အသက် ၁၇ နှစ်အရွယ် မောင်သန်းဝင်း၊ အသက် ၂၀ အရွယ် မောင်နေဆန်းဦးနဲ့ အဲဒီစစ်ဘေးဒုက္ခသည်စခန်းမှာ ကူညီဆောင်ရွက်ပေးနေတဲ့ ရဟန်းတော် ဦးပညာသာမိတို့ ဖြစ်ပါတယ်။

သူတို့ဟာ အဲဒီနေ့ညနေပိုင်းက စစ်တွေမြို့ကိုပြန်လာမယ့် ကျောင်းထိုင်ဆရာတော်ကို ကြိုဖို့သွားစဉ် လမ်းမှာ စစ်ဆေးရေးလုပ်နေတဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့တွေနဲ့တွေ့ပြီး အဖမ်းခံခဲ့ရတာလို့ မောင်ကျော်ဇောလှရဲ့ အမေ ဒေါ်ဘီချာဘီက RFA ကို ပြောပါတယ်။

ဖမ်းဆီးခံနေရတဲ့ မောင်ကျော်ဇော်လှဟာ ၈ တန်းတက်မယ့် ကျောင်းသားတစ်ဦးဖြစ်ပြီး၊ မောင်သန်းဝင်းဟာလည်း ၉ တန်းတက်မယ့် ကျောင်းသားတစ်ဦးဖြစ်ပါတယ်။

မောင်နေဆန်းဦးကတော့ သာမာန်လက်လုပ်လက်စားတစ်ဦးဖြစ်ပြီး သူတို့ဟာ ရွာအနီးအနားမှာ တိုက်ပွဲတွေ ပြင်းထန်တာကြောင့် ပြီးခဲ့တဲ့ ဇွန်နဝါရီလ ၂၄ ရက်နေ့ကတည်းက မိသားစုနဲ့အတူ အဲဒီ စစ်ဘေးဒုက္ခသည်စခန်းကို ထွက်ပြေးလာတဲ့သူတွေဖြစ်တယ်လို့လည်း သူဆိုပါတယ်။

သူတို့ကိုဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာကို မသိရသလို အခုအချိန်အထိ တစ်စုံတစ်ရာ အဆက်အသွယ်လည်း မရသေးတဲ့အတွက် စိုးရိမ်နေကြပြီး အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်လို့ အုပ်ချုပ်ရေးမှူးတွေ၊ ရဲစခန်းတွေကို ဆက်သွယ်ပေမယ့် တစ်စုံတစ်ရာ မသိရသေးဘူး လို့လည်း ဇီးတောတောရကျောင်း ကျောင်းထိုင်ဆရာတော် ဦးခေမာစာရက RFA ကို မိန့်ပါ တယ်။

အဲဒီစစ်ဘေးဒုက္ခသည်စခန်းမှာ ပလက်ဝမြို့နယ်က စစ်ဘေးလာရှောင်တဲ့သူ ၁၃၀ ကျော်လောက်ရှိပြီး အခု ဖမ်းဆီးသွားတဲ့အတွက် သူတို့လည်း စိုးရိမ်ကြောက်လန့်နေကြတယ်လို့လည်း ကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။

အခုလို စစ်ဘေးဒုက္ခသည် သုံးဦးနဲ့ ရဟန်းတော်တစ်ပါးကို ဖမ်းဆီးတာနဲ့ပတ်သက်လို့ တပ်မတော်ဘက်ကို RFA က ဆက်သွယ်မေးမြန်းနေဆဲပါ။

ရခိုင်ပြည်နယ်အတွင်းမှာ တပ်တော်မတော်က အခုလိုအရပ်သားတွေကို အေအေအဖွဲ့ဝင် ဒါမှမဟုတ် အေအေ အမာခံတွေဆိုတဲ့ သံသယနဲ့ ဖမ်းဆီးတာ ၂၀၀ ကျော်လောက်ရှိတယ်လို့ ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင် သူများအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။

အဲဒီလိုဖမ်းဆီးခံရတဲ့အထဲမှာ ရိုက်နှက်ခံရလို့ ဒဏ်ရာတွေနဲ့ ပြန်လွတ်မြောက်လာသူတွေရှိသလို၊ စစ်ကြောရေး စခန်းမှာပဲ သေဆုံးသွားတဲ့သူတွေလည်းရှိပါတယ်။

RFA က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂ဝ၁၉ နှစ်ဆန်းပိုင်းကနေ ဒီနေ့အချိန်အထိ စစ်ကြောရေးစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးသွားသူ စုစုပေါင်း ၃၂ ဦးအထိရှိပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org