မင်းကင်း တုံရွာက ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့အတူ မိသားစုဝင် ငါးဦး အဖမ်းခံရ
စစ်တပ်၊ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား အခြေနေတင်းမာနေတဲ့ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တုံရွာက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်နဲ့အတူ စုစုပေါင်း မိသားစုဝင် ငါးယောက်ကို စစ်ကောင်စီတပ်တွေက ဒီကနေ့ ဩဂုတ်လ ၅ ရက်နေ့မှာ ဖမ်းသွးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2021-08-05
-
-
-
စစ်တပ်၊ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား အခြေနေတင်းမာနေတဲ့ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တုံရွာက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်နဲ့အတူ စုစုပေါင်း မိသားစု ဝင် ငါးယောက်ကို စစ်ကောင်စီတပ်တွေက ဒီကနေ့ ဩဂုတ်လ ၅ ရက်နေ့မှာ ဖမ်းသွးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ကလည်း တုံရွာကို စစ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင် ၄၀ လောက် ရောက်လာပြီး ရွာရှိနေအိမ် ၅၀ ကျော် ကို ဖျက်ဆီးသွားတယ်လို့ မင်းကင်းမြို့က ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က မင်းကင်းမြို့နယ်ထဲ ဥတောင်ဖြူရွာနဲ့ ပန်ဆက်ရွာကို ဒေသခံ PDF တပ်ဖွဲ့တွေက တိုက်တဲ့အထဲမှာ တုံရွာဒေသခံတွေပါ ပူးပေါင်းပါဝင်တယ်လို့ ယူဆပြီး စစ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ က နေအိမ်တွေကို လာရောက်ဖျက်ဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းကင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။
"လူဦးရေ ၄၀ လောက်နဲ့ ပျူစောထီးနဲ့ စစ်သားတွေရောပြီး တုံရွာကိုလာပြီး နေအိမ်တွေကိုဖျက်ဆီး၊ လိုတာတွေယူပေါ့၊ အရင်တစ်ခါတိုက်တုံးက အဖွဲ့ထဲမှာ တုံရွာက ပါတယ်ယူဆပြီး လိုက်နေလို့ ပြေးနေ ရတာ။ မပါရင်လည်း မသိဘူးလားဆိုပြီး စစ်ပြီးရိုက်ခံရတော့ ပြေးကြတာပေါ့၊ အခုကတော့ တစ်ရွာလုံး မရှိကြတော့ဘူး၊ ဘုန်းကြီးက စထွက်ပြေးနေကြပြီ”
တုံရွာဟာ စစ်တပ်သတင်းပေးသူနဲ့ ပျူစောထီး အများစုနေထိုင်တယ်လို့ ဒေသခံတွေပြောနေတဲ့ တောင်ဖြူရွာနဲ့ ပန်းဆက်ရွာအနီးမှာတည်ရှိပြီး၊ အိမ်ခြေ ၂၀၀ ကျော်လောက်ရှိတဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ရွာဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲက ကလေး၊ ရွှေဘို၊ ခင်ဦး၊ မင်းကင်း၊ ကနီ၊ ယင်းမာပင် စတဲ့မြို့နယ်တွေဟာ စစ်အာဏာရှင် ကို တူမီးသေနတ်ကိုင် ခုခံနေတဲ့ဒေသတွေဖြစ်ပါတယ်။
ဒါကြောင့် စစ်တပ်ဘက်က ရွာတွေကို အင်အားသုံးဖြိုခွင်းတာ PDF တပ်ဖွဲ့ဝင်တွေနဲ့ သူတို့ကိုထောက်ခံတယ် လို့ ယူဆရတဲ့ ကျေးရွာသားတွေကို အစုံအပြုံလိုက်သတ်ဖြတ်တာတွေ လုပ်နေပြီး ယင်းမာပင်နဲ့ ကနီမြို့နယ် ထဲက ကျေးရွာတွေမှာ အစုအပြုံလိုက်သတ်ဖြတ်မှု သုံးကြိမ်တိတိ ဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့သီတင်းပတ်က တောင်ဖြူရွာမှာ ဒေသခံပျူစောထီးတွေနဲ့ စစ်တပ်ပေါင်းပြီး ဝိုင်းဝန်ဖမ်းဆီး တာကြောင့် မင်းကင်း PDF တပ်ဖွဲ့ဝင် ၅၇ ဦး အဖမ်းခံရပြီး အဲဒီအထဲက လေးဦးကို စစ်တပ်က ဖမ်းမိပြီးမှ ပစ်သတ်ခဲ့တယ်လို့ PDF ဘက်က စွပ်စွဲထားပါတယ်။ နောက်ထပ်တစ်ဦးလည်း စစ်ကြောရေးမှာ သေဆုံး သွားတယ်လို့ PDF တပ်ဖွဲ့က ပြောပါတယ်။
စစ်ကောင်စီ သတင်းနဲ့ ပြန်ကြားရေးဝက်ဘ်ဆိုက်မှာတော့ တောင်ဖြူရွာဖြစ်စဥ်မှာ PDF တပ်ဖွဲ့ဝင် ၅၃ ဦး အရှင်ဖမ်းမိပြီး၊ သုံးဦးကို အသေဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။