သံတွဲမှာ PDF နဲ့ ဆက်စပ်တဲ့စွပ်စွဲချက်နဲ့ အမျိုးသမီးလေးဦး အဖမ်းခံရ
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ် တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆယ်တန်းကျောင်းသူတစ်ဦး အပါအဝင် အမျိုးသမီးလေးဦး ကို စစ်ကောင်စီတပ်သားတွေက နိုဝင်ဘာလ ၃ ရက်နေ့ညမှာ ဖမ်းသွားပါတယ်။
- 2021-11-04
-
-
-
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆယ်တန်းကျောင်းသူတစ်ဦး အပါအဝင် အမျိုးသမီးလေးဦးကို စစ်ကောင်စီတပ်သားတွေက နိုဝင်ဘာလ ၃ ရက်နေ့ မနေ့ညမှာ ဖမ်းသွားတယ်လို့ အဖမ်းခံရသူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အဖမ်းခံရသူတွေဟာ သံတွဲမြို့ပေါ်က အသက် ၁၇ နှစ်အရွယ် ဆယ်တန်းကျောင်းသူ မသိမ့်အေးချမ်း၊ အသက် ၂၅ နှစ်အရွယ် မတိမ်စန္ဒာဝင်း၊ ငပလီမြို့က အသက် ၃၅ နှစ်အရွယ် ဒေါ်ငြိမ်းအိသူကျော်နဲ့ နောက်ထပ်တစ်ဦး ကတော့ နာမည်မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
PDF ကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လေးဦးစလုံးကို နေအိမ်တွေကနေ လာရောက်ဖမ်းသွား တာဖြစ်ပြီး လက်ရှိ သံတွဲမြို့မရဲစခန်းမှာ ထိန်းသိမ်းထားသလို ဘယ်ပုဒ်မတွေနဲ့ တရားစွဲမယ်ဆိုတာလည်း မသိရသေးဘူးလို့ ဆိုပါတယ်။
“ဆယ်တန်းကျောင်းသူ မသိမ့်အေးချမ်းက ဖုန်းလည်းမသုံးသလို ကျောင်းသူကလေးတစ်ဦးသာဖြစ်တာ ကြောင့် PDF ကိုထောက်ပံ့တယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ မတိမ်စန္ဒာဝင်းကလည်း ပြီးခဲ့တဲ့မေလမှာ မသင်္ကာလို့ဆိုပြီး ရဲတွေခေါ်စစ်တယ်၊ ပြီတော့ တစ်စုံတစ်ရာ လုပ်ထားတာမရှိတာကြောင့် ပြန်လွှတ်ပေးခဲ့ တဲ့သူ” လို့ မိသားစုတွေနဲ့ နီးစပ်သူက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျ သိရဖို့အတွက် သံတွဲမြို့မရဲစခန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာပဲ သံတွဲမြို့မှာ PDF ဆက်စပ်တယ်တဲ့ စွပ်စွဲချက်နဲ့ ပရဟိတသမား ကိုရဲနိုင်ဦးနဲ့ လူမှုရေးလုပ်ငန်းလုပ်နေသူ ဦးစိန်ချိန်တို့ အဖမ်းခံခဲ့ရသလို မြောက်ဦးမြို့နယ်က လူငယ်စာရေးဆရာ ကိုအောင်နိုင်မြင့်လည်း အဖမ်းခံခဲ့ရပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံရသူ ခုနှစ်ဦးရှိပြီဖြစ်ပါတယ်။