ဝေါမြို့နယ်၊ ညောင်ခါးရှည်ရွာကို စစ်တပ်က ပိတ်ဆို့၊ လူ ၂၀ ကျော်ကို ဖမ်းဆီး
ပဲခူးတိုင်းအရှေ့ခြမ်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ရွာမှာ မေလ ၁၉ ရက် ဒီကနေ့ မနက်ပိုင်းက စစ်သား ၁၅၀ ခန့်ရောက်လာပြီး၊ အထက်တန်းပြဆရာမတစ်ဦး အပါအဝင် ရွာသား ၂၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2021-05-19
-
-
-
ပဲခူးတိုင်းအရှေ့ခြမ်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ရွာမှာ မေလ ၁၉ ရက် ဒီကနေ့မနက်ပိုင်းက စစ်သား ၁၅၀ ခန့် ရောက်လာပြီး၊ အထက်တန်းပြဆရာမတစ်ဦး အပါအဝင် ရွာသား ၂၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ဖြစ်ပုံကတော့ ဒီကနေ့ မနက် ၉ နာရီလောက်က၊ စစ်ကောင်စီခန့်ထားတဲ့ ညောင်ခါးရှည်ကျေးရွာ အုပ်ချုပ်ရေး မှူးရဲ့ နေအိမ်မှာ ဗုံးပေါက်ကွဲခဲ့တာကြောင့်၊ ဗုံးကွဲပြီး သိပ်မကြာခင်မှာပဲ ရွာကို စစ်ကား ခြောက်စီးနဲ့ စစ်သား ၁၅၀ ခန့် ရောက်လာခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
အဲဒီနောက် ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ နေအိမ်တည်ရှိရာ၊ ညောင်ခါးရှည်ရွာ လမ်းမတော် ၂ လမ်းတစ်လျှောက် နေထိုင်တဲ့ရွာသားအားလုံးကို စစ်သားတွေက တစ်ဦးချင်းစီ ခေါ်ထုတ်မေးမြန်း ရိုက်နှက်ပြီးတဲ့နောက် လူ ၂၀ ကျော်ကို ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက “သူတို့က ရွာကို အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးအုပ်စုခွဲ လိုက်တယ်၊ ပြီးရင် ရွာသားအားလုံးကို တစ်ဦးချင်းစီခေါ်ပြီး ဗုံးပေါက်တာသိလားလို့ မေးတယ်၊ မသိဘူးလို့ ပြောရင်လည်း တုတ်နဲ့ရိုက်တယ်၊ သိတယ်လို့ ဖြေရင်လည်း ထပ်ရိုက်တယ်၊ ရိုက်တာမှ နားထဲက သွေးထွက်အောင် ရိုက်တာပါ။” လို့ RFA ကို ပြောပြပါတယ်။
အဲဒီနောက် ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ််တည်ရှိရာ လမ်းမတော် ၂ လမ်းက လူအများစုပါဝင်တဲ့ လူ ၂၀ ကို စစ်သားတွေက ဖမ်းဆီးသွားတာလို့ သူက ဆိုပါတယ်။ ဒီကနေ့ရွာကို ဝင်ရောက်ချိန်မှာ စစ်သားတွေက သေနတ်အချက်ပေါင်း ၁၀၀ ကျော် ပစ်ဖောက်ခဲ့တယ်လို့လည်း အဲဒီအမည်မဖော်လိုတဲ့ ညောင်ခါးရှည်ရွာခံက RFA ကို ပြောပြသွားပါတယ်။
အုပ်ချုပ်ရေးမှူးအိမ်ကို ဗုံးနှစ်လုံးပစ်ထည့်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူးက စစ်သားတွေကို တိုင်ကြားခဲ့တာကြောင့် စစ်သားတွေ ချက်ချင်းရောက်လာပြီး ရွာသားတွေကို အခုလို ရိုက်နှက်စစ်ဆေး ဖမ်းဆီးခဲ့တာလို့ နောက်ထပ် ရွာသားတစ်ဦးက ပြောပါတယ်။ ဗုံးနှစ်လုံးအနက် တစ်လုံးသာ ပေါက်ကွဲပြီး လူသေဆုံးထိခိုက်တာ မရှိဘူးလို့လည်း အဲဒီရွာသားက ပြောပါတယ်။
မေလ ၁၇ ရက်နေ့ကလည်း ညောင်ခါးရှည်ကျေးရွာ အထက်တန်းကျောင်းမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး၊ ကျေးရွာ ပုဂ္ဂလိကဆေးခန်းမှာ တာဝန်လာထမ်းဆောင်နေတဲ့ ဆရာဝန်နဲ့ သူနာပြုအကူ အမျိုးသား တို့ကို စစ်သားတွေက ဖမ်းဆီး သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုအခါ စစ်သားတွေက ညောင်ခါးရှည်အရွာ အဝင်အထွက်ကို ပိတ်ဆို့ထားပြီး၊ ရွာသားအားလုံး ကျန်းမာရေး နဲ့ အရေးပေါ်ကိစ္စမရှိရင် လုံးဝအပြင်မထွက်ဖို့နဲ့ လူစုံတဲ့ ကျေးရွာစျေးကို ပိတ်ခိုင်းလိုက်ပြီး ရွာသားအားလုံး မနက် ၆ နာရီမတိုင်ခင်နဲ့ ည ၆ နာရီကျော်ရင် လုံးဝအပြင်မထွက်ဖို့ အမိန့်ပေးထားတဲ့အတွက် အတိဒုက္ခ ရောက်နေကြောင်း ညောင်ခါးရှည်ကျေးရွာ ဒေသခံတွေက RFA ကို ပြောပြကြပါတယ်။