စလင်းမြို့နယ်ထဲက ရွာတချို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းနေ
မကွေးတိုင်း၊ စလင်းမြို့နယ်ထဲက ရွာတချို့ကို စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းကစပြီး နယ်မြေရှင်းလင်းရေး လုပ်တယ်ဆိုပြီး ဝင်ရောက်စီး နင်းပြီး ရှာဖွေတာတွေ လုပ်နေလို့ ဒေသခံ တစ်ထောင်ကျော် လောက် ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။
- 2021-09-18
-
-
-
မကွေးတိုင်း၊ စလင်းမြို့နယ်ထဲက ရွာတချို့ကို စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်း ကစပြီး နယ်မြေရှင်းလင်းရေး လုပ်တယ်ဆိုပြီး ဝင်ရောက်စီးနင်းပြီး ရှာဖွေတာတွေ လုပ်နေလို့ ဒေသခံ တစ်ထောင်ကျော်လောက် ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။
ငါးလှိုင်တွင်းရွာ၊ ကျွဲဦးရွာ၊ ကင်မွန်းခြုံရွာနဲ့ ဘာလရွာ စတဲ့ ရွာတွေဖြစ်ကြပြီး နောက်ထပ် အတည် မပြုနိုင်သေးတဲ့ ရွာတွေလည်းရှိသေးတယ်လို့ ထွက်ပြေးတိမ်ရှောင်လာတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"စစ်သား ၁၀၀ လောက်ရှိမယ်။ နယ်မြေရှင်းလင်းတာဆိုလားပဲ။ ရွာတွေထဲ ဝင်လာပြီး ရိုက်နှက်တာတွေ ရှိနေလို့ လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းတွေ ရှောင်တိမ်းနေကြရတာပေါ့။ ရွာတွေကနေ ထွက်ပြေးရတဲ့သူတွေ ကတော့ ၁၀၀၀ ထက်တော့ နည်းမှာမဟုတ်ဘူး။ ကျွန်တော်တို့လည်း ထွက်ပြေးလာရတာဆိုတော့ အတိအကျမပြောတတ်ဘူး။ အမျိုးသမီးတွေလည်း ပါတယ်။ ဒုက္ခရောက်ကြတာပေါ့။ ညကတော့ တောထဲမှာ ဖြစ်သလို အိပ်ကြရတယ်"
ရွာတွေထဲက လူငယ်တွေ လူလတ်ပိုင်းအရွယ်တွေကို ဖမ်းဆီးရိုက်နှက်တာတွေ လုပ်နေလို့ ထွက်ပြေးနေကြရသလို ကျန်တဲ့သူတွေလည်း ထိတ်လန့်နေကြရတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စလင်းမြို့နယ် NLD အလုပ်အမှုဆောင် ဦးနိုင်လင်းကို စစ်ကောင်စီတပ်တွေက ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်းထဲမှာ မြို့နယ်ပေါင်း ၂၅ မြို့နယ်ရှိပြီး ဒီရက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေး အကြောင်းပြပြီး ဝင်ရောက်စီးနင်းနေလို့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။