တီးတိန်မြို့ ဟိန်ဇိန်ရွာမှာ စစ်ကောင်စီတပ်တွေက ပစ်ခတ်ကာ တပ်စွဲထား

ချင်းပြည်နယ် တီးတိန်မြို့နယ် ကလေး - တီးတိန် ကားလမ်းမဘေးက ဟိန်ဇိန်ရွာအဝင်က လူမရှိတဲ့ အိမ်တွေထဲ စစ်ကောင်စီတပ်သားတွေက ဝင်‌ရောက်ခဲ့ပြီး ပစ္စည်းတချို့ ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ် တီးတိန်မြို့နယ် ဟိန်ဇိန်ရွာကို ၂၀၁၉ ခုနှစ်က မြင်တွေ့ရစဉ် Photo: Citizen Journalist

ချင်းပြည်နယ် တီးတိန်မြို့နယ် ကလေး - တီးတိန် ကားလမ်းမဘေးက ဟိန်ဇိန်ရွာအဝင်က လူမရှိတဲ့ အိမ်တွေထဲ စစ်ကောင်စီတပ်သားတွေက ဝင်‌ရောက်ခဲ့ပြီး ပစ္စည်းတချို့ ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့ကနေ စစ်ကောင်စီတပ်သားတွေဟာ တင့်ကား‌ နှစ်စီးအပါအဝင် စစ်‌ကား အစီး ၂၀ ကျော် နဲ့ အောက်တိုဘာ ၉ ရက်၊ ဒီနေ့မနက်ပိုင်းက တီးတိန်မြို့ဘက်ကို တက်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဟိန်ဇိန်ရွာသားတွေလည်း စစ်ယာဉ်တန်းကားတွေ ရောက်လာပြီး သေနတ်တွေနဲ့ ပစ်ခတ်ကြလို့ အိမ်မှာမနေရဲကြဘဲ ရှောင်တိမ်းနေကြတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"စစ်ကား ၂၀ ‌ကျော်နဲ့ သံချပ်ကာ နှစ်စီး ဖြတ်လာတယ်၊ ရွာနားမရောက်ခင်မှာ သေနတ်တွေ ဆက်တိုက်ဖောက်နေတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ရွာအဝင်နားက အိမ်တချို့ ခဏရှောင်တယ်။ ရွာကိုရောက်လာတော့ လူမရှိတဲ့အိမ်တွေကို လိုက်ဝင်ဖောက်ပြီး ပစ္စည်းတွေ ယူသွားကြတယ်။ ဘာတွေယူလဲဆိုတော့ ဆန် နှစ်အိတ်၊ ဝတ်တစ်ကောင်၊ ကွန်ပျူတာ နှစ်လုံး၊ ဖုန်း နှစ်လုံး၊ ပန်းကန်တွေ၊ ဒယ်အိုးတွေ ယူသွားတယ်"

လက်ရှိအချိန်အထိ စစ်ကား သုံးစီး ဟာ ဟိန်ဇိန်ရွာမှာ ရှိနေသေးတယ်လို့ ဒေသခံတွေက ဆက်ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

အောက်တိုဘာ ၈ ရက် မနေ့က စစ်ကောင်စီတပ် ယာဉ်တန်းတွေဟာ ဂန့်ဂေါ-ကလေး လမ်းကနေ ကလေးမြို့ကို ရောက်လာပြီး ဒီနေ့မနက်ပိုင်းမှာ ချင်းတောင်တန်းတွေဘက်ကို ဆက်လက်ထွက်ခွာ သွားတာဖြစ်ပါတယ်။

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ စစ်ကောင်စီက အင်တာနက်လိုင်းတွေဖြတ်ပြီး သတင်းအမှောင်ချထားသလို စစ်ကောင်စီတပ်တွေက လက်နက်အင်အား လူအင်အား ဖြည့်တင်းနေ တာဟာ စစ်ဆင်ရေးကြီးတစ်ခု ပြုလုပ်ဖို့ဖြစ်တယ်ဆိုတဲ့ သံသယတွေကြောင့် ဒေသခံတွေ ထိတ်လန့်နေကြသလို ဒေသတွင်း PDF အဖွဲ့တွေကလည်း ခုခံစစ်ဆင်နွှဲဖို့ ပြင်ဆင်နေတယ်လို့ ဆိုကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org