မကွေးတိုင်း Mytel တာဝါတိုင်အချို့မှာ စစ်တပ်က မိုင်းထောင်နေကြောင်း ဒေသခံတွေပြော

မကွေးတိုင်း မြိုင်မြို့နယ်မှာရှိတဲ့ စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင် အချို့မှာ စစ်တပ်က အခုရက်ပိုင်းအတွင်း မိုင်းထောင်တာတွေလုပ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်က Mytel တာဝါတိုင်တစ်ခုမှာ စစ်ကောင်စီတပ် မိုင်းထောင်နေတာကို တွေ့ရစဥ် Photo: Myanmar Military
မကွေးတိုင်း မြိုင်မြို့နယ်မှာရှိတဲ့ စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင်အချို့မှာ စစ်တပ်က အခု ရက်ပိုင်းအတွင်း မိုင်းထောင်တာတွေလုပ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့က မြိုင်မြို့နယ် ကျေးရွာတစ်ခုက Mytel ဆက်သွယ်ရေး တာဝါတိုင် တစ်ခုကို မော်တော်ဆိုင်ကယ်နဲ့ စစ်သားလေးဦး ရောက်လာပြီး တာဝါတိုင်ခြံဝန်းအပြင်နားမှာ မြေမြှုပ်မိုင်းတွေ မြှုပ်ခဲ့သလို မိုင်းရှိတဲ့အကြောင်းကိုလည်း ကျေးရွာအုပ်ချုပ်ရေးမှူးကို အသိပေးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။
 
ဒါပေမဲ့ အဲဒီမိုင်းထောင်ခဲ့တယ်ဆိုတဲ့ တာဝါတိုင်ရဲ့ တည်နေရာကို ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။
 
ဒီလုပ်ဆောင်ချက်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကောင်စီကို ပြန်လှည်ခုခံတိုက်ခိုက်မယ်လို့ စက်တင်ဘာလ ၇ ရက်နေ့က ကြေညာခဲ့ပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်၊ ရှမ်း ပြည်နယ်နဲ့ ချင်းပြည်နယ်အပါအဝင် နေရာတော်တော်များများမှာ Mytel တာဝါတိုင်တွေ ဖောက်ခွဲဖျက်ဆီး ခံနေရတာကြောင့် ဖြစ်နိုင်တယ်လို့လည်း သူကဆိုပါတယ်။
 
မြိုင်မြို့နယ်မှာရှိတဲ့ စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင်အချို့မှာ မိုင်းထောင်တာတွေရှိနေတယ်လို့ ပြောဆိုချက်နဲ့ ပတ်သက်လို့ RFA က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
 
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမယ့် လက်ခံဖြေကြားခြင်းမရှိသေးပါဘူး။
 
RFA က ပြုစုထားတဲ့စာရင်းအရ စက်တင်ဘာလ ၇ ရက်နေ့ကနေ ဒီနေ့အချိန်အထိ မြန်မာတစ်နိုင်ငံလုံးမှာ ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၁၀၀ နီးပါး မီးရှို့တာနဲ့ ဖောက်ခွဲဖျက်ဆီးတာခံခဲ့ရပြီး အဲဒီအထဲမှာ မကွေး တိုင်းက တာဝါတိုင် ၃၀ ခန့် ပါဝင်ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org