မအူပင်မှာ နေအိမ်သုံးလုံးကို စစ်ကောင်စီ ချိတ်ပိတ်

ဧရာဝတီတိုင်း မအူပင်မြို့နယ်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၂ (က) နဲ့ အရေးယူခံထားရသူ သုံးဦးရဲ့ နေအိမ်တွေကို နိုဝင်ဘာ ၁၁ ရက် မနေ့က ချိတ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မအူပင်မြို့က လမ်းမပေါ်မှာ ဖြတ်သန်းသွားတဲ့ကားတွေကို စစ်ကောင်စီတပ် စစ်ဆေးနေစဥ် Photo: CJ
ဧရာဝတီတိုင်း မအူပင်မြို့နယ်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၂ (က) နဲ့ အရေးယူခံထားရသူ သုံးဦးရဲ့ နေအိမ်တွေကို နိုဝင်ဘာ ၁၁ ရက် မနေ့က ချိတ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
မအူပင်မြို့နယ် အမှတ် ၂ ရပ်ကွက်က ကိုသက်နိုင် လျှပ်စစ်ပစ္စည်းပြုပြင်ရေး နေအိမ်၊ ကိုအောင်ကိုလတ် နေအိမ်နဲ့ မနီနီတိုးမောင်ရဲ့ တော်ဝင်အုတ်သဲကျောက်ဝင်းနေရာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ငါးယောက် ရောက်လာပြီး ချိတ်ပိတ်သွားတာလို့ ဆိုပါတယ်။
 
“မနေ့ကလာသွားကြတယ်။ ကြိုးတွေနဲ့တားတယ်။ ချိတ်ပိတ်မယ်၊ တစ်ပတ်အတွင်း အကုန်ပြောင်းပေး ရမယ်ဆိုပြီး အိမ်မှာနေတဲ့သူတွေကို ပြောသွားတယ်။ နောက်ထပ် အိမ်လေး၊ ငါးလုံးကိုလည်း ချိတ်ထပ် ပိတ်ဖို့ထင်တယ်။ ဓာတ်ပုံတွေရိုက်သွားတယ်။ ပျိုးခင်းသစ်ဖောင်ဒေးရှင်းက ကိုထိုက်ထိုက် အိမ်ကိုလည်း ဓာတ်ပုံရိုက်သွားတယ်" လို့ လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
 
ရဲတပ်သားတစ်ယောက် CDM လုပ်အောင် ကူညီပေးမှုနဲ့ သူတို့သုံးယောက်ကို စက်တင်ဘာမှာ အဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၂ (က) နဲ့ အရေးယူခံထားရတာဖြစ်ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org