စစ်ကြောရေးမှာ သေဆုံးသူ နောက်တစ်ဦးတိုး၊ စုစုပေါင်း ၂၆ ဦးရှိနေ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ လယ်ဇင်ကျေးရွာကနေ ဇွန်လ ၂၁ ရက်ညက ဖမ်းဆီး ခံလိုက်ရတဲ့ အသက်(၃၀)အရွယ် ကိုဇေယျာလင်း ဒီကနေ့ ဇွန်လ ၂၂ ရက်နေ့ မနက် ပိုင်းမှာ သေဆုံးသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
- 2021-06-22
-
-
-
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ လယ်ဇင်ကျေးရွာကနေ ဇွန်လ ၂၁ ရက်ညက ဖမ်းဆီးခံလိုက်ရတဲ့ အသက်(၃၀) အရွယ် ကိုဇေယျာလင်း ဒီကနေ့ ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်းမှာ သေဆုံးသွားပြီလို့ ဒေသခံတွေက ပြော ပါတယ်။
မနေ့ည ၉ နာရီလောက်မှာ လယ်ဇင်ရွာ စာသင်ကျောင်းမီးလောင်မှုဖြစ်ပြီးတဲ့နောက် ရွာသားတွေက ဝိုင်းဝန်း ငြိမ်းသတ်ပြီးချိန်မှာ စစ်သားတွေ ချက်ချင်းရောက်လာပြီး ကိုဇေယျာလင်း အပါအဝင် သုံးဦး အဖမ်းခံခဲ့ရတယ် လို့ ဒေသခံတွေက ပြောပါတယ်။
ဒီမနက်မှာတော့ ကိုဇေယျာလင်း သေဆုံးပြီး အလောင်းကို ရင်ခွဲရုံမှာလာထုတ်ဖို့ ရွာကိုအကြောင်းကြား လာကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လယ်ဇင်ရွာသားတစ်ယောက်က RFA ကို ပြောပါတယ်။
“ရွာထဲကိုဝင်ကတည်းက ဆိုင်တွေဖျက်တယ်။ ဖမ်းပြီးရိုက်တာတွေလုပ်တယ်။ အခုသေတဲ့သူက သူတို့ အိမ်က စာသင်ကျောင်းနာမှာဆိုတော့ မိဘတွေဆီကိုပြန်လာတဲ့အချိန် အဖမ်းခံလိုက်ရတာလို့ကြားထား တာ။ ဒီနေ့ မနက်မှာတော့ မုံရွာရင်ခွဲရုံမှာ အလောင်းရှိတယ်ဆိုလို့ ရွာကသွားထုတ်ဖို့လုပ်နေပါတယ်။ စစ်သားတွေ ဆိုင်ကယ် သုံးစီးလည်း ယူသွားတယ်။ ရွာထဲက လူကြီးတွေလည်း ရှောင်နေကြတယ်။ ကင်းမရွာလို မီးရှို့ခံရမှာ စိုးရိမ်နေကြတယ်”
လယ်ဇင်ရွာကိုဝင်စီးချိန် စစ်သားတွေရဲ့ ရိုက်နှက်မှုကြောင့် ရွာသား ငါးဦးထက်မနည်း ရိုက်နှက်ခံရပြီး၊ အမျိုးသမီး နှစ်ယောက် ဦးခေါင်းမှာ ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့မနက်မှာလည်း စစ်ကောင်စီက ရွာကိုထပ်လာမယ်ဆိုတဲ့ သတင်းတွေထွက်နေတာကြောင့် ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မုံရွာမြို့အနီးမှာရှိတဲ့ လယ်ဇင်ရွာဟာ စိုက်ပျိုးရေးကို အဓိကအားထားတဲ့ ရိုးသားတဲ့ တောင်သူလယ်သမား တွေရဲ့ ကျေးရွာဖြစ်ပေမယ့် စစ်အာဏာသိမ်းပြီးချိန်ကစလို့ စစ်အာဏာရှင် အလိုမရှိကြောင်း နေ့စဉ်ဆန္ဒပြ နေတဲ့ရွာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေက RFA ကို ပြောပြကြပါတယ်။