တောင်ငူထောင်က စစ်ပြေးအကျဥ်းသားတွေ စစ်မှုထမ်းဖို့ ဖိအားပေးခံနေရ
တောင်ငူအကျဉ်းထောင်ကနေ လွှတ်ပေးလိုက်တဲ့ စစ်ပြေးအကျဉ်းသား ၆၃ ဦးကို စစ်တပ်က တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းကို ပို့ဆောင်လိုက်ပါတယ်။
-
RFA Burmese
2023-12-08 -
-
-
ပဲခူးတိုင်း တောင်ငူအကျဉ်းထောင်ကနေ ဒီဇင်ဘာလ ၇ ရက် မနေ့က လွှတ်ပေးလိုက်တဲ့ စစ်ပြေးအကျဉ်းသား ၆၃ ဦးကို စစ်တပ်က သူတို့ရဲ့ ထောင်ထွက်လက်မှတ်တွေကို သိမ်းဆည်းပြီး အုတ်တွင်းမြို့က အမှတ် (၆) တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းကို ပို့ဆောင်လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ထောင်ကလွှတ်ပေးပြီးနောက် စစ်မှုပြန်ထမ်းနိုင်ဖို့ သင်တန်းတက်စေတာဖြစ်ပြီး ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ဆန္ဒ ရှိ၊ မရှိ တစ်စုံတစ်ရာ မေးမြန်းတာမျိုးမရှိခဲ့ဘူးလို့ စစ်ပြေးအကျဉ်းသားတွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“လာခေါ်တဲ့သူတွေက တပ်မတော်တာဝန် ထမ်းဆောင်ဖို့ ဆန္ဒပြုထားသူတွေဆိုပြီး ပြောတယ်။ ဆန္ဒပြုထားတာ မဟုတ်ဘူး။ စစ်သား ပြန်လုပ်ခိုင်းမှာလား၊ လွတ်ငြိမ်း ပေးလိုက်တာ မဟုတ်ဘူးလားမေးလို့ ပြန်လွတ်လာတဲ့သူတွေက မေးတော့ သူတို့က မသိဘူးလို့ ပြောတယ်။ ကြည့်ရတာတော့ မွမ်းမံသင်တန်းပေးမယ်၊ ပေးပြီးရင် ခြေမြန်တပ်တွေနဲ့ တွဲပြီးတော့ ရှေ့တန်းစစ်မြေပြင်ကို ပို့မယ့်အနေအထားမျိုး ဖြစ်နေတယ်”
ထောင်ကလွတ်ငြိမ်းချမ်းသာခွင့် မပေးခင် ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ဆန္ဒ ရှိ၊ မရှိမေးမြန်းသင့်သလို တာဝန်ထမ်းဆောင်လိုသူတွေကို လွတ်ငြိမ်းခွင့်ပေးပြီး တာဝန်ထမ်းဆောင်ဖို့ ဆန္ဒမရှိသူတွေကို လွတ်ငြိမ်းခွင့် မရတာမျိုး ဖြစ်သင့်တယ်လို့ သူက ဆိုပါတယ်။
ပဲခူးတိုင်းတစ်တိုင်းလုံးက အကျဉ်းထောင်အသီးသီးမှာ စစ်ပြေးမှု၊ စစ်စည်းကမ်း ဖောက်ဖျက်မှုနဲ့ ၅ နှစ်အောက် ပြစ်ဒဏ်ချမှတ်ခံထားရသူ စစ်သည် ၁၆၂ ဦးကို ဒီဇင်ဘာလ ၇ ရက် အမျိုးသားနေ့မှာ လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ပြီး သက်ဆိုင်ရာ စစ်တပ်တွေဆီ ခေါ်ဆောင်သွားတယ်လို့လည်း အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးနဲ့ နေပြည်တော်အခြေစိုက် အကျဉ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ခွင့်မဲ့နဲ့ စစ်ပြေးတွေအပြင် စစ်မှုထမ်းဟောင်းတွေက တာဝန်ပြန်ထမ်းဆောင်ဖို့ တောင်းဆိုတွေရှိခဲ့တာကြောင့် နီးစပ်ရာတပ်တွေမှာ စစ်မှုပြန်ထမ်းတာကို လက်ခံမယ်လို့ စစ်ကောင်စီက ဒီဇင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။
စစ်မှုထမ်းဖို့ ဆန္ဒပြုတဲ့ သာမန်ပြစ်မှု ကျူးလွန်တဲ့ တပ်မတော်သားတွေကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပေးသွားမယ့်အကြောင်းလည်း ဒီထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြပါတယ်။
မနေ့က တစ်ရက်တည်းမှာပဲ ဧရာ၀တီတိုင်း ပုသိမ်အကျဉ်းထောင်ကနေ စစ်စည်းကမ်း ဖောက်ဖျက်မှုနဲ့ အကျဉ်းကျနေတဲ့ အကျဉ်းသား ၁၀၃ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်ကို ခေါ်ဆောင်သွားတယ်လို့ ဒီဖြစ်စဉ်ကိုသိရှိတဲ့ ပုသိမ်မြို့ခံတွေက ပြောပါတယ်။