မြန်မာပြည်မှာ လုပ်ငန်းလုပ်ကိုင်ခွင့်ရဖို့ တောင်ကိုရီးယားကုမ္ပဏီတွေကို အစိုးရကူညီမည်

တောင်ကိုရီးယားကုမ္ပဏီတွေ မြန်မာပြည်မှာ လုပ်ငန်းလုပ်ကိုင်ဖို့ တင်ဒါခေါ်တဲ့အခါ အနိုင်ရအောင်၊ သူ့အစိုးရက ကူညီသွားမယ်လို့ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းက ပြောလိုက်ပါတယ်။

တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းကို ၂ဝ၁၉ စက်တင်ဘာ ၄ ရက်နေ့က ရန်ကုန်မြို့ Lotte ဟိုတယ်မှာ တွေ့ရစဉ် Photo: MOI Webportal Myanmar

တောင်ကိုရီးယားကုမ္ပဏီတွေ မြန်မာပြည်မှာ လုပ်ငန်းလုပ်ကိုင်ဖို့ တင်ဒါခေါ်တဲ့အခါ အနိုင်ရအောင်၊ သူ့အစိုးရက ကူညီသွားမယ်လို့ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းက ပြောလိုက်ပါတယ်။

အာဆီယံနိုင်ငံတွေအတွင်းမှာ မြန်မာဟာ စီးပွားရေးမြှုပ်နှံလုပ်ကိုင်ဖို့အတွက် အခွင့်အလမ်း အကောင်းဆုံး နောက်ဆုံးကျန်ရှိတဲ့ နိုင်ငံဖြစ်သလို၊ သယံဇာတ သဘာဝ အရင်းအမြစ်တွေရဲ့ ဆွဲဆောင်မှုကြီးမားလို့ တောင်ကိုရီးယား ကုမ္ပဏီတွေ ပိုပြီးစိတ်ဝင်စားလာနေကြတယ်လို့လည်း သမ္မတက ပြောပါတယ်။

တောင်ကိုရီးယားအနေနဲ့ မြန်မာနဲ့ စီးပွားရေး တိုးမြှင့်လုပ်ဆောင်ဖို့ ရည်ရွယ်ထားပြီး အထူးသဖြင့် လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ တိုးတက်ရေးအတွက် ပါဝင်ကူညီလုပ်ဆောင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုရီးယားကုမ္ပဏီတွေ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာမှာ လိုအပ်သမျှ တနေရာတည်းမှာ ပြီးစီးအောင် ဆောင်ရွက်ပေးမယ့် ဌာနတစ်ခုဖွင့်ပေးမယ်လို့  မြန်မာအစိုးရက ကတိပေးတဲ့အတွက် ကျေးဇူးတင် ဝမ်းမြောက်ရကြောင်းလည်း ပြောပါတယ်။

ဒီအတွင်း အမေရိကန်ဒေါ်လာ တစ်ဘီလီယံကုန်ကျမယ့် ကိုရီးယား-မြန်မာ စက်မှုမြို့တော် တည်ဆောက်ရေး စီမံကိန်းစတင်လိုက်ကြောင်း မနေ့က ကြေညာခဲ့ပါတယ်။

ရန်ကုန်မြို့ Lotte ဟိုတယ်မှာ မနေ့က တောင်ကိုရီးယားသမ္မတ Moon Jae-in နဲ့ မြန်မာ ဒုသမ္မတ ဦးမြင့်ဆွေတို့ တက်ရောက်ခဲ့တဲ့ အခမ်းအနားမှာ ကြေညာခဲ့တာပါ။ အဲဒီစီမံကိန်းကို ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က မြေဧက ၅၀၀ ကျော်မှာ တည်ဆောက်မှာဖြစ်ပါတယ်။ အလားတူ ရန်ကုန်တိုင်း ဒလမြို့နယ်မြို့ပြစီမံကိန်းအတွက်လည်း မြန်မာ- တောင်ကိုရီးယား နှစ်နိုင်ငံ နားလည်မှုစာချုပ် လက်မှတ်ရေးထိုးကြမယ်လို့ သိရပါတယ်။

တောင်ကိုရီးယားသမ္မတရဲ့ ၆ ရက်ကြာ ထိုင်း၊ မြန်မာ၊ လာအို သုံးနိုင်ငံ ခရီးစဉ်အတွင်း  မြန်မာနိုင်ငံကို ၃ ရက်ကြာ ရောက်ရှိခဲ့တာပါ။  Moon Jae-in ဟာ ၁၉၈၃ နောက်ပိုင်း မြန်မာပြည်ကို  တတိယမြောက် လာရောက်တဲ့ ကိုရီးယားသမ္မတ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org