မြန်မာမှာ ဒီမိုကရေစီ အမြန်ဖော်ဆောင်ဖို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်‌ကြီး ပြောဆို

မြန်မာနိုင်ငံမှာ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ မြန်မြန်ဆန်ဆန် ပြန်လည် ရှင်သန်ဖို့ လိုအပ်နေကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်‌ကြီး Suh Wook က ပြောပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်‌ကြီး Suh Wook ပုံ AFP Photo
မြန်မာနိုင်ငံမှာ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ မြန်မြန်ဆန်ဆန် ပြန်လည်ရှင်သန်ဖို့ လိုအပ်နေကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်‌ကြီး Suh Wook က ပြောပါတယ်။
 
ဗုဒ္ဓဟူးနေ့က အွန်လိုင်းကတဆင့် ကျင်းပခဲ့တဲ့ အရှေ့‌‌တောင်အာရှ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။
 
မြန်မာနိုင်ငံရဲ့ အခြေအနေအပေါ် လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့် အပါအဝင် ကျယ်ပြန့်တဲ့တန်ဖိုးတွေအပေါ် လေးစားလိုက်နာတဲ့နည်းနဲ့ ဖြေရှင်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အရပ်ဘက်ပြည်သူတွေအပေါ် ပစ်မှတ်ထား အကြမ်းဖက်တာတွေကို ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ ဆင်ခြေပေးလို့မရကြောင်း၊ ဒါ့ပြင် ကိုရီးယားကျွန်း ဆွယ်မှာ နျူကလီးယားလက်နက်လျော့ချရေး၊ ဒေသတွင်းမှာ အမြဲတမ်း ငြိမ်းချမ်းမှုရှိအောင်ဆောင်ရွက်ရေး အတွက် နိုင်ငံတကာအသိုင်းအဝန်းက ကူညီစေလိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။
 
ဒီအတွင်း တောင်ကိုရီးယားနဲ့ လာအိုကာကွယ်ရေးဝန်ကြီးတွေ၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
 
ဆွေးနွေးပွဲမှာ အာဆီယံနိုင်ငံတွေနဲ့အတူ တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်နဲ့ ဂျပန်နိုင်ငံ တွေက ကာကွယ်ရေးဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
 
ဒီအတွင်း မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာကူညီရေးလုပ်ငန်းစဉ်အတွက်၊ တောင်ကိုရီးယားက အမေရိကန်ဒေါ်လာ ၉ သိန်း ကူညီလှူဒါန်းခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာကူညီရေးဆိုင်ရာ ဘဏ္ဍာရေးဌာနက ပြောပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org