သီရိလင်္ကာဗုံးခွဲမှု သံသယရှိသူတစ်ဦးကို ရဲတပ်ဖွဲ့ စုံစမ်း
သီရိလင်္ကာနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလက ဖြစ်ပွားခဲ့တဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်မှာ ဖမ်းဆီးရမိတဲ့ တရားခံတွေနဲ့ ဆက်စပ်သူတွေထဲက သံသယဖြစ်ဖွယ် နိုင်ငံခြားသားတစ်ယောက် မြန်မာနိုင်ငံမှာရောက်ရှိနေပြီး ပုဂံဟိုတယ်ဇုန်မှာ တည်းခိုခဲ့တာမျိုး ရှိ မရှိ ရဲတပ်ဖွဲ့က စုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
-
2019-05-23 -
-
-
သီရိလင်္ကာနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလက ဖြစ်ပွားခဲ့တဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်မှာ ဖမ်းဆီးရမိတဲ့ တရားခံတွေနဲ့ ဆက်စပ်သူတွေထဲက သံသယဖြစ်ဖွယ် နိုင်ငံခြားသားတစ်ယောက် မြန်မာနိုင်ငံမှာရောက်ရှိနေပြီး ပုဂံဟိုတယ်ဇုန်မှာ တည်းခိုခဲ့တာမျိုး ရှိ မရှိ ရဲတပ်ဖွဲ့က စုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
သီရိလင်္ကာနိုင်ငံ၊ ကိုလံဘို၊ နီဂွမ်ဘို နဲ့ ဘတ်ကီကာလေမြို့တွေမှာ ပြီးခဲ့တဲ့ ဧပြီလ၂၁ ရက်နေ့က အသေခံဗုံးခွဲတိုက်ခိုက်မှုြဖစ်စဉ်မှာ ဖမ်မိခဲ့တဲ့ တရားခံတွေနဲ့ ဆက်စပ်တဲ့သူတွေထဲက သံသယဖြစ်ဖွယ်ရှိတဲ့ နိုင်ငံခြားသားတစ်ယောက်ဟာ ကမ္ဘာ့လှည့်ခရီးသည်ဗီဇာနဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့မှာ မြန်မာပြည်လေဆိပ်ကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
နေထိုင်မှုသက်တမ်း တစ်နှစ်ကျော် လွန်နေပြီး ပြန်လည်ထွက်ခွာမှုမရှိသေးတဲ့အတွက် စိစစ်ပေးဖို့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေး ရဲတပ်ဖွဲ့က ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာန (ပုဂံရုံးခွဲ)ကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။
ပုဂံမှာရှိတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့က ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာန ပုဂံရုံးခွဲကို အကူအညီတောင်းလာတဲ့အတွက် ပုဂံမှာရှိတဲ့ ဟိုတယ်တွေနဲ့ တည်းခိုခန်းတွေကို စာထုတ်အကြောင်းကြားခဲ့တာဖြစ်တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က RFA ကို ဒီနေ့ပြောပါတယ်။
Jet Star လေကြောင်းလိုင်း၊ ခရီးစဉ်အမှတ် 3K -583 ၊ပတ်စပို့စ်နံပါတ် N 5467645 နဲ့ အသက် ၃၉ နှစ်အရွယ် နိုင်ငံခြားသားဟာ ရန်ကုန်လေဆိပ်ကနေ ဝင်ရောက်လာတာဖြစ်ပြီး ဝန်ကြီးဌာနလိုင်စင်နဲ့ လုပ်ကိုင်နေတဲ့ ဟိုတယ်၊ တည်းခိုးခန်းတွေမှာ လာရောက်တည်းခိုသူတွေထဲ အဲဒီနိုင်ငံခြားသား လာရောက်တည်းခိုနေထိုင်ခဲ့တာရှိမရှိ စိစစ်ပေးဖို့ ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာန (ပုဂံရုံးခွဲ)က နေ ပုဂံမှာရှိတဲ့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေကို အကြောင်းကြားစာ မနေ့က ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
သီရိလင်္ကာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးသူ ၂၅၃ ဦးရှိခဲ့ပြီး လူပေါင်း ၅၀၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကာ အဲဒီတိုက်ခိုက်မှုကို အိုင်အက်စ် အဖွဲ့က သူတို့လုပ်ဆောင်တယ်လို့ ပြောကြားထားပါတယ်။
မေလ ၂၂ ရက်နေ့ မနေ့ကလည်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ရန်ကုန်လေဆိပ်လုံခြုံရေး စီမံထားတာတွေကို လာရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။