SSA ပူးပေါင်းတပ်ဖွဲ့ ချုံခို တိုက်ခိုက်
SSA ရှမ်းပြည်မြောက်ပိုင်းနဲ့ တောင်ပိုင်း ပူးပေါင်း တပ်ဖွဲ့တွေက မြန်မာ အစိုးရတပ် ယာဉ်တန်းကို ရှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ့်ဖိန်းရွာနားမှာ သြဂုတ် ၁၀ရက် ဒီကနေ့ ချုံခို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
-
2011-08-10 -
-
-
စစ်အစိုးရအား တိုက်ခိုက်နေသည့် SSA ရှမ်းလက်နက်ကိုင် တပ်သားများကို စက်သေနတ် လက်နက်ကြီးမျြားဖင့် အသင့်အနေအထား တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
အစိုးရတပ်ဖက်က အသေအပျောက် ရှိခဲ့ကြောင်း SSA ရှမ်းပြည် မြောက်ပိုင်းတပ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလက RFA ကို ပြောပါတယ်။
" ဒီကနေ့ မနက် ၆ နာရီ ၂၀ မိနစ်က SSA ရှမ်းပြည် မြောက်ပိုင်းတပ်က ၈၀၁ တပ်ရင်းနဲ့ တောင်ပိုင်းတပ်နဲ့ ပူးပေါင်းပြီးတော့ ကျေးသီးမြို့နယ် ဝမ့်ဖိန်းရွာနားမှာ ကျနော်တို့ ဖြတ်တိုက်ခဲ့တယ်။ စစ်အစိုးရဘက်က ၄ ယောက် ကျပြီးတော့ ၆ ယောက်လောက် ဒဏ်ရာ ရသွားတယ်။ ၉ ရက်နေ့ မနက် တနာရီ ကျော်ကျော်လောက်မှာ စစ်တိုက်လေယာဉ် လေးစီး အဲဒီ မိုင်းနောင်ဘက်မှာကနေ လာပြီးတော့ ဝန့်ဟိုင်း ဌာနချုပ်ဝန်းကျင်မှာ လာဝဲပြီး တောင်ဘက်ကို ပြန်ထွက်သွားပါတယ်။ "
အစိုးရတပ်ဖက်က အသေအပျောက်စာရင်းနဲ့ပတ်သက်ပြီး RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီအတောအတွင်း လက်နက်ကိုင် ပဋိပက္ခ ဖြေရှင်းရေး ဆွေးနွေးဖို့ ဗိုလ်ချုပ်ရွက်ဆစ် ဦးဆောင်တဲ့ SSA တောင်ပိုင်းတပ်ကို ထိုင်းစစ်တပ် တာဝန်ရှိသူတွေက တဆင့် မြန်မာအစိုးရဖက်က ဒီရက်ပိုင်း အတွင်း ကမ်းလှမ်းခဲ့ ပါတယ်။
ဒါ့အပြင် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် (၂၃) ဦးက ငြိမ်းချမ်းရေး လိုလားသူများ အတွက် ဆိုတဲ့ ခေါင်းစဉ်နဲ့ သြဂုတ်လ (၈) ရက်နေ့က အိပ်ဖွင့်စာ တစောင် ရေးသားလိုက်တာကို SSA တောင်ပိုင်းတပ်က ကြိုဆိုလိုက်ပေမယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်ဖို့ဆိုရင် လက်ရှိ အစိုးရမှာသာ အဓိက တာဝန်ရှိကြောင်း SSA တောင်ပိုင်းတပ်က RFAကို ပြောပါတယ်။
SSA တောင်ပိုင်းတပ်ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်းကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထား ပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |