မန္တလေး ဂျယ်လီစက်ရုံက အလုပ်သမားတွေ ဆန္ဒပြ

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်မှာရှိတဲ့ SSA N0-1 ဂျယ်လီစက်ရုံက အလုပ်သမားတစ်ဦး အလုပ်ထုတ်ခံရတာနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ အလုပ်သမား ၅၀ ခန့်က အလုပ်ပြန်ခန့်ပေးဖို့အပါအဝင် အချက် ၁၁ ချက်ကို တောင်းဆိုပြီး စက်ရုံရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့ပါတယ်။

SSA N0-1 ဂျယ်လီစက်ရုံရှေ့မှာ အလုပ်သမားတွေ ၂၀၁၈ စက်တင်ဘာလ ၁၈ ရက်နေ့က ဆန္ဒပြစဉ် Photo: Khaymani Win/RFA

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်မှာရှိတဲ့ SSA N0-1 ဂျယ်လီစက်ရုံက အလုပ်သမားတစ်ဦး အလုပ်ထုတ်ခံရတာနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ အလုပ်သမား ၅၀ ခန့်က အလုပ်ပြန်ခန့်ပေးဖို့အပါအဝင် အချက် ၁၁ ချက်ကို တောင်းဆိုပြီး စက်ရုံရှေ့မှာ ဒီနေ့ဆန္ဒပြခဲ့ပါတယ်။

တောင်းဆိုချက်တွေ စက်ရုံဘက်က လိုက်လျောတဲ့အထိ ဆက်ပြီးဆန္ဒပြသွားမယ်လို့ ဆန္ဒပြအလုပ်သမား မခင်သန်းလင်း က ပြောပါတယ်။

“ရုံးကိုသွားတယ်။ အလုပ်ထုတ်တယ်။ ခေါင်းဆောင်ထင်တဲ့သူကို ထုတ်တယ်။ တကယ်တော့ အဖွဲ့မှာ ခေါင်းဆောင်မပါဘူး။ မခံနိုင်တဲ့သူတွေစုသွားတာ။ အဲဒါကြောင့် အခုလိုမျိုးလုပ်ရခြင်းဖြစ်တယ်”

တောင်းဆိုချက်တွေထဲမှာ စက်ရုံစီမံခန့်ခွဲရေး တာဝန်ရှိသူတွေက အလုပ်သမားတွေကို ခြေထောက်နဲ့ ညွှန်ပြစေခိုင်းတာတွေမလုပ်ဖို့၊ လူမှုဖူလုံရေး အာမခံထားပေးဖို့နဲ့ အလုပ်သမားတွေကို ကြမ်းတမ်းစွာ ပြောဆိုခိုင်းစေတာတွေကို ပြုပြင်ပေးဖို့ စတာတွေပါဝင်ပါတယ်။

အလားတူ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန် စက်မှုဇုန်မှာရှိတဲ့ မီကိုကော်ဖီမစ်စက်ရုံက အလုပ်သမားတွေကလည်း အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ ထိပါးခိုင်းစေတာတွေ၊ ခေါင်းဆောင်တွေက နင်းနှိပ်ခိုင်းတာတွေမလုပ်ဖို့၊ ဥပဒေနဲ့မညီတဲ့ ဒဏ်ကြေးဖြတ်တောက်တာတွေ မလုပ်ဖို့ အပါအဝင် အချက် ၂၁ ချက်ကို တောင်းဆို ဆန္ဒပြနေကြပါတယ်။

အလုပ်ရှင်က ရင့်ရင့်သီးသီးဆက်ဆံတာတွေက စိတ်မကောင်းဖြစ်စေတယ်လို့ ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်တဲ့ အလုပ်သမားတစ်ဦးဖြစ်တဲ့ ဒေါ်နွယ်နွယ်အုန်းကပြောပါတယ်။

ဆန္ဒပြတဲ့နေရာကို အလုပ်သမားဖြန်ဖြေညှိနှိုင်းရေးအဖွဲ့ ရောက်ရှိနေပြီး အလုပ်ရှင် အလုပ်သမားအကြား ညှိနှိုင်းဆွေးနွေးပေးနေတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org