TNLA ဖမ်းထားတဲ့ ရှမ်းလူငယ်ခေါင်းဆောင်ကို ပြန်လွှတ်ပေး
ရှမ်းလူငယ်အဖွဲ့ခေါင်းဆောင် စိုင်းမောဝ်အွန်ကို ပြန်လွှတ်ပေးဖို့ SSPP မြို့နယ်မှူး အပါအဝင် တပ်သားခုနစ်ဦး TNLA နဲ့ သွားရောက်ညှိနှိုင်းပေမယ့် အဆင်မပြေဖြစ်ပြီး တိုက်ပွဲဖြစ်ခဲ့ပါတယ်။
-
RFA Burmese
2023-11-08 -
-
-
Updated: 11:20 PM (Nov 08, 2023)
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်အဖွဲ့ခေါင်းဆောင် စိုင်းမောဝ်အွန်းကို နိုဝင်ဘာ ၈ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။
စိုင်းမောဝ်အွန်းကို ရပ်မိရပ်ဖတွေထံ ပြန်လည်အပ်နှံပေးခဲ့တာဖြစ်ပြီး ပြဿနာတွေ မကြီးထွားလာအောင် မဟာမိတ်ရုံးတွေကနေ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
စိုင်းမောင်အောင် (စိုင်းမောဝ်အွန်) ဟာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP) ရဲ့ တိုက်နယ်မှူးအဆင့်ရှိသူလည်း ဖြစ်ပါတယ်။
ဒါကြောင့် SSPP မြို့နယ်မှူးအပါအဝင် တပ်သား ခုနစ်ဦးက စိုင်းမောဝ်အွန်းကို ပြန်လွှတ်ပေးဖို့ TNLA နဲ့ နိုဝင်ဘာ ၇ ရက်နေ့က သွားရောက်ညှိနှိုင်းရာမှာ အဆင်မပြေဖြစ်ပြီး တိုက်ပွဲဖြစ်ခဲ့တာကြောင့် နှစ်ဖက်စလုံးက သေဆုံးသူတွေနဲ့ ပျောက်ဆုံးနေသူတွေရှိကြောင်း SSPP က နိုဝင်ဘာ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီလိုတိုက်ပွဲဖြစ်ပွားပြီး ထိခိုက်သေဆုံးတာတွေဖြစ်ပြီးနောက်မှာ TNLA ဘက်က စိုင်းမောဝ်အွန်ကို ပြန်လွှတ်ပေးလိုက်တာပါ။
အဲဒီတိုက်ပွဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP) ဘက်က မြို့နယ်မှူး အပါအဝင် သုံးဦးသေဆုံးခဲ့ပြီး တပ်သားအချို့လည်း ပျောက်ဆုံးနေတယ်လို့ SSPP က ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် စယ်လန့်ရွာမှာနေထိုင်တဲ့ ရှမ်းလူငယ်ခေါင်းဆောင် စိုင်းမောဝ်အွန်ကို TNLA တပ်ဖွဲ့က ၂၀၂၃ နိုဝင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းမှာ ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။
SSPP ရဲ့ တိုက်နယ်မှူးအဆင့်ရှိသူ စိုင်းမောင်အောင် (စိုင်းမောဝ်အွန်) ဟာ TNLA တပ်ဖွဲ့ဝင်တွေနဲ့ တပ်စခန်းတွေကို မကြာခဏ လာရောက်နှောင့်ယှက်တာ၊ ဓာတ်ပုံနဲ့ ဗီဒီယို လာရောက်ရိုက်ကူးတာကြောင့် ခေါ်ယူမေးမြန်းခဲ့တာလို့ TNLA က နိုဝင်ဘာ ၈ ရက်နေ့ ညနေက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
မေးမြန်းနေချိန်အတွင်း SSPP ဘက်ကအရာရှိဖြစ်သူ စိုင်းလင်းနဲ့အဖွဲ့ ရောက်လာပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်တာကြောင့် TNLA တပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့တွေပတ်သက်ပြီး အသေးစိတ်သိရဖို့ TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီတို့ကလည်း စိုင်းမောဝ်အွန်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ထုတ်ပြန်ချက်တွေ ထုတ်ပြီး တောင်းဆိုတာတွေလည်း ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ စိုင်းမောဝ်အွန်ဟာ လက်ရှိ ရှမ်းမြောက်ဒေသ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူသာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်မှုမရှိတာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။
အလားတူ SNLD ပါတီကလည်း စယ်လန့်အုပ်စု SNLD ပါတီ အလုပ်အမှုဆောင် အတွင်းရေးမှူးဖြစ်တဲ့ စိုင်းမောဝ်အွန်ဟာ စစ်ရေးပဋိပက္ခမှာ မပါဝင်ဘဲ လူသားချင်းစာနာမှု အကူအညီတွေ ပေးနေသူသာဖြစ်တာကြောင့် ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။