အာဏာရှင်စနစ်နဲ့ နယ်မြေချဲ့ထွင်ရေးဝါဒကို ဆန့်ကျင်သွားမယ်လို့ SSPP ‌ကြေညာ

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းပြီး သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်လွှဲပြောင်းပေးသွားမယ်လို့လည်း ဆိုပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ ဗဟိုဌာနချုပ်တွင် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ကျင်းပသည့် SSPP/SSA အဖွဲ့ ၂ဝ၂၃ နှစ်ချုပ်အစည်းအဝေး မြင်ကွင်း။ Photo: SSPP Info)

အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနဲ့ နယ်မြေချဲ့ထွင်ရေးဝါဒတွေကို ဆန့်ကျင်တဲ့ မိတ်ဆွေတွေနဲ့ ပူးပေါင်းချီတက်သွားမယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)က ဇန်နဝါရီလ ၃ဝ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

SSPP ရဲ့ ဗဟိုကော်မတီဝင်တွေ၊ အရံဗဟိုကော်မတီဝင်တွေ၊ တပ်ကိုယ်စားလှယ်တွေ၊ နယ်ဘက်အုပ်ချုပ်ရေး ကိုယ်စားလှယ်တွေ အပါအဝင် လူပေါင်း ၂၅၀ ကျော်တက်ရောက်တဲ့ ၂၀၂၃ နှစ်ချုပ်အစည်းအဝေးကို ဗဟိုဌာနချုပ်မှာ ဇန်နဝါရီလ ၂၀ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျင်းပခဲ့ပြီး ဒီကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေနဲ့ ကျားဖျန့်လုပ်ငန်း ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တားဆီးနှိမ်နင်းပြီး သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်လွှဲပြောင်းပေးသွားမယ်လို့ ဆိုပါတယ်။

နယ်မြေတည်ငြိမ်အေးချမ်းရေးကို ဆက်လက်ကာကွယ်ထိန်းသိမ်းပြီး ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းတွေအပြင် ဒေသတွင်း လူနေမှုဘဝ တိုးတက်ရေး အကူအညီပေးသွားမှာဖြစ်သလို ပြည်သူတွေအပေါ် အကာအကွယ်ပေးသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်အသေးစိတ်ကို သိရဖို့ SSPP တာဝန်ရှိသူတွေကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org