ကျောက်မဲမှာ တိုက်ပွဲဖြစ်ပွား နေအိမ်တွေ လက်နက်ကြီး ထိမှန်ပျက်စီး

2021.08.11
ကျောက်မဲမှာ တိုက်ပွဲဖြစ်ပွား နေအိမ်တွေ လက်နက်ကြီး ထိမှန်ပျက်စီး RCSS နဲ့ SSPP၊ TNLA ပူးပေါင်းအဖွဲ့ တိုက်ပွဲကြောင့် ၂၀၂၁ သြဂုတ် ၁၁ ရက်နေ့က ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးကျည် ကျရောက်ခဲ့စဉ်
Photo: CJ

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်ကွမ်နဲ့ ပန်ဖျက်ရွာတွေမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ကတစ်ဖက် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA ပူးပေါင်းအဖွဲ့တွေကတစ်ဖက် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ဒီနေ့မနက်ပိုင်းက တိုက်ပွဲဖြစ် ပွားခဲ့ရာ နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းပေါ် လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲက မနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ တစ်နေကုန်ပစ်ခတ်နေကြတာမို့ ပန်ကွမ်မြောက်ရွာမှာ လက်နက်ကြီးကျည် လေးလုံးအထိကျရောက်ခဲ့လို့ ဘုန်းကြီးကျောင်းကို ထိမှန်ပျက်စီးခဲ့သလို သီလရှင် တစ်ပါးနဲ့ ကိုရင်လေးတစ်ပါး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒဏ်ရာတွေ ကတော့ မစိုးရိမ်ရဘူးလို့ ပြောကြပါတယ်။

ပန်ကွမ်တောင်ရွာမှာ လက်နက်ကြီး အလုံးသုံးဆယ်လောက်အထိ ကျရောက်ခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီး တယ်လို့ ပြောပါတယ်။ လူထိခိုက်မှုရှိမရှိကိုတော့ တိုက်ပွဲကြောင့် သွားကြည့်မရလို့ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။ ပန်ကွမ်တောင်ရွာက ရွာသားနှစ်ဆယ်ကျော်တို့လည်း ကျောက်မဲမြို့ကို ထွက်ပြေးခဲ့ကြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူ၊ သီပေါ၊ ကျောက်မဲမြို့နယ်တွေမှာ အခုနှစ်ဆန်းပိုင်းကစပြီး RCSS နဲ့ SSPP၊ TNLA ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ပွဲပိုပြင်းထန်လာနေပြီး ရှမ်းပြည်တောင်ပိုင်း ကျေးသီး၊ မိုင်းနောင် လမ်းပိုင်း လွယ်ဟုန်တောင်ကျောမှာလည်း တိုက်ပွဲကြောင့် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာနေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။