SSPP နဲ့ တွေ့ဆုံဖို့ ဆက်သွယ်ထားကြောင်း ငြိမ်းချမ်းရေးကော်မရှင် ပြော


2018.04.11
sspp-ssa-622.jpg SSPP/SSA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ အလွတ်သဘောတွေ့ဆုံ ညှိနှိုင်းဖို့ရှိတယ်လို့ အစိုးရငြိမ်းချမ်းရေးကော်မရှင် တာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောပါတယ်။

ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက လာမယ့် ဧပြီလနောက်ဆုံးပတ် ဒါမှမဟုတ် မေလ ပထမပတ်လောက်မှာ SSPP အဖွဲ့နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ပြောပါတယ်။

"ကျနော်တို့တွေ့ဖို့တော့ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ် လုပ်ထားပါတယ် ခင်ဗျ။ ဧပြီလကုန် သို့မဟုတ်  မေလ ပထမပတ်လောက်ပေါ့။ မှန်တာပေါ့ဗျာ သူတို့နဲ့ ကျနော်တို့ ညှိရင် ကျနော်တို့ရဲ့ လိုလားချက် တချို့ သူတို့ရဲ့ လိုလားချက်တချို့ ဒါညှိကြမှာပေါ့။ ညှိကြလို့ အဆင်ပြေရင်တော့ ဒါလက်မှတ်ထိုးဖြစ်သွားမှာပေါ့"

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က လာမယ့် ဧပြီလ နောက်ဆုံးပတ်အတွင်း SSPP ဌာနချုပ်ရှိရာ ဝမ်ဟိုင်းဒေသမှာ ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်တွေနဲ့ အလွတ်သဘော တေ့ွဆုံညှိနှိုင်းပြီး NCA စာချုပ်မှာ အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်သွားမယ်လို့ ဒီနေ့ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထွက်ပေါ်လာပါတယ်။

အဲဒီကြေညာချက်နဲ့ပတ်သက်ပြီး SSPP ပြန်ကြားရေးအရာရှိတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီး စိုင်းဘုန်းဟန် က သူတို့ ထုတ်ပြန်တာမဟုတ်ကြောင်း အခုလို ငြင်းဆိုလိုက်ပါတယ်။

SSPP ဟာ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မူလကတည်းက တေ့ွဆုံဖို့ စီစဉ်ထားပြီးသားဖြစ်ကြောင်း ဗိုလ်ကြီး စိုင်းဘုန်းဟန်က ပြောပေမယ့် တေ့ွဆုံမယ့်အချိန်ကိုတော့ ဖြေဆိုခြင်းမရှိပါဘူး။

၂၁ ရာစုပင်လုံ တတိယအကြိမ် ညီလာခံကို လာမယ့် မေလ နောက်ဆုံးပတ်လောက်မှာ ကျင်းပဖို့ လျာထားတဲ့ အတွက် SSPP သာ NCA စာချုပ် လက်မှတ်ထိုးဖြစ်မယ်ဆိုရင် အဲဒီညီလာခံကို တက်ရောက်ဖို့ အချိန်မီနိုင်ပါတယ်လို့ ဦးခင်ဇော်ဦး က ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဟာ FPNCC မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်ပေမယ့် တစ်ဖွဲ့ချင်းစီ အနေနဲ့သာ ဆွေးနွေးမှာဖြစ်တယ်လို့ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ကပြောပါတယ်။

SSPP အဖွဲ့တံဆိပ်နဲ့ ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်ထဲမှာ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးနိုင်ရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးနဲ့ ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရနဲ့ အပြန်အလှန်ပံ့ပိုး ပေးနိုင်ရေးတို့အတွက် ငြိမ်းချမ်းရေးကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ FPNCC အဖွဲ့ဟာ အစိုးရနဲ့ ဆွေးနွေးရာမှာ အဖွဲ့ဝင် ၇ ဖွဲ့လုံးပါဝင်မှသာ ဆွေးနွေးမယ်လို့ဆိုပေမယ့် အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းကို ရယူထားကြတဲ့ KIO နဲ့ UWSA တို့ဟာ မူဝါဒကနေ သွေဖည်ကာ မကြာသေးမီက အစိုးရနဲ့ တစ်ဖွဲ့ချင်းစီ သီးခြား တွေ့ဆုံခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။