စိန့်မာတင်ကျွန်း မြန်မာမြေပုံမှာ ပါလာတဲ့အတွက် ဘင်္ဂလားဒေ့ရှ် ပြစ်တင်ပြောဆို
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က စိန့်မာတင်ကျွန်းကို မြန်မာပိုင်အဖြစ် မြေပုံမှာ ပြင်ဆင်ရေးဆွဲ ထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ပြောဆိုလိုက်ပါတယ်။
-
2018-10-08 -
-
-
ဘင်္ဂလားဒေ့ရှ်ပိုင်တဲ့ စိန့်မာတင်ကျွန်း မြေပုံ
Photo: Google Map
ြမန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က စိန့်မာတင်ကျွန်းကို မြန်မာပိုင်အဖြစ် မြေပုံမှာ ပြင်ဆင်ရေးဆွဲထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ပြောဆိုလိုက်ပါတယ်။
အဲဒီ စိန့်မာတင်ကျွန်းကို မြန်မာဘက်က အုန်းကျွန်း လို့ ခေါ်ကြတာပါ။
MIMU ခေါ် မြန်မာ သတင်းအချက်အလက် စီမံခန့်ခွဲရေးယူနစ်က မကြာသေးခင်က အင်တာနက် ဝက်ဘ် ဆိုက်တွေပေါ် အသစ်တင်လိုက်တဲ့ တရားဝင် မြန်မာပြည်မြေပုံတွေမှာ စိန့်မာတင်ကျွန်းကို မြန်မာပိုင်နက်ထဲက ကျွန်းအဖြစ် ရေးဆွဲထားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ကန့်ကွက်ခဲ့တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ရေကြောင်းဆိုင်ရာ အတွင်းဝန်က ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦး ကို ဆင့်ခေါ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။ အခုလုပ်ရပ်ရဲ့ နောက်ကွယ် မှာ အကြံအစည်တခုရှိနေကြောင်းလည်းပြောပါတယ်။
မြန်မာသံအမတ်ကလည်း မှားယွင်းဖေါ်ပြမိတာသာဖြစ်ကြောင်း၊ ဒီကိစ္စ မိမိတို့အစိုးရထံ တင်ပြဆွေးနွေး မှာဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ The Daily Star သတင်းကဖေါ်ပြပါတယ်။
၁၉၃၇ ခုနှစ် အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံကို အိန္ဒိယကနေ ခွဲထုတ်လိုက်ပြီးတဲ့နောက် စိန့်မာတင်ကျွန်းဟာ ဗြိတိသျှ အိန္ဒိယရဲ့ အစိတ်အပိုင်းတခုဖြစ်ခဲ့ပါတယ်။ ၁၉၇၁ ခုနှစ် ပါကစ္စတန်ကနေ ဘင်္ဂလားဒေ့ရှ် ခွဲထွက်ပြီးတဲ့နောက် ၁၉၇၄ ခုနှစ်မှာ စိန့်မာတင်ကျွန်းဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အစိတ်အပိုင်းဖြစ်သွားခဲ့ပါတယ်။
အဲဒီနောက် ၂၀၁၂ ခုနှစ် မြန်မာနဲ့ ရေပိုင်နက်အငြင်းပွားကြရာမှာလည်း နိုင်ငံတကာ ပင်လယ်ပြင်ဥပဒေခုံရုံးက အဲဒီကျွန်းကို ဘင်္ဂလားဒေ့ရှ်ပိုင်အဖြစ် ဆုံးဖြတ်ခဲ့ပါတယ်။