ပုပ်ရဟန်းမင်းကြီး အထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့မယ်

မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ ရန်ကုန်မြို့ကို ရောက်ရှိလာမယ့် ပုပ်ရဟန်းမင်းကြီး Benedict ရဲ့ အထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လာမယ့် ကြာသပတေးနေ့မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့၊ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ စိန့်မေရီ ကက်သလစ် ခရစ်ယာန် ဘုရားဝတ်ပြု ကျောင်းတော်ကြီး တည်ထောင်ခြင်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် ဝတ်ပြုဆုတောင်းပွဲ အခမ်းအနား မြင်ကွင်း။ RFA

ပုပ်ရဟန်းမင်းကြီးရဲ့ အထူးကိုယ်စားလှယ် Cardinal Renato Raffaele Martino ဟာ ရန်ကုန်မြို့ စိန့် မေရီ ကက်သလစ် ခရစ်ယာန် ဘုရားရှိခိုးကျောင်းတော်ကြီးရဲ့ နှစ်တစ်ရာပြည့် အထိမ်းအမှတ် ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားကို ဦးဆောင်ကျင်းပဖို့ ရန်ကုန်မြို့ကို ရောက်လာမှာပါ။ ကြာသပတေးနေ့မှာ ကျင်းပမယ့် အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မယ်လို့ ပြောဆိုထားကြောင်း ရန်ကုန် ကက်သလစ်ဘုရားကျောင်းတော်ကြီးရဲ့ သင်းအုပ်ဆရာတော် Father နိုအယ်လ်စောနောအေး (Noel Saw Naw Aye) က အာရ်အက်ဖ်အေကို ပြောပါတယ်။

အခမ်းအနားမှာ ပုပ်ရဟန်းမင်းကြီး Benedict ရဲ့ အထူးသဝဏ်လွှာကို ဖတ်ကြားပါမယ်။ ရန်ကုန်မြို့ စိန့်မေရီ ကက်သလစ် ဘုရားကျောင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာက ပြင်သစ်နိုင်ငံ သာသနာပြု ဘုန်းတော်ကြီးတော်တွေ တည်ထောင်ခဲ့တာလို့ သိရပါတယ်။ Father နိုအယ်လ် စောနောအေးက နှစ်တစ်ရာပြည့်နဲ့အတူ စိတ်သစ်လူသစ်နဲ့ အချင်းချင်း တစ်ယောက်ကို တစ်ယောက် ခွင့်လွှတ်ကြရင်း ကိုယ့်အတွင်းမှာ ဘဝသစ် ထူထောင်နိုင်ကြဖို့ကို ဦးတည်ပြီး ပွဲကျင်းပကြောင်း ပြောပြပါတယ်။

ဒါ့အပြင် ပုပ်ရဟန်းမင်းကြီးရဲ့ အထူးကိုယ်စားလှယ် Cardinal Renato Raffaele Martino ရဲ့ ခရီးစဉ်ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဆက်ဆံရေး ပွင့်လင်းလာတဲ့ လက်ရှိမြန်မာနိုင်ငံက အခြေအနေတွေကို Vatican က ကောင်းချီးပေးလိုက်တာ ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီး Benedict က ပြောဆိုလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org